၂၀၁၆ ခုနှစ်တွင် စောင့်ကြည့်ရမည့် ကမ္ဘာ့ရေးရာများ
( နိုင်အောင် )
ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် စစ်ပွဲများသည် စစ်အေးခေတ် ပြီးဆုံးခဲ့ပြီး နောင်နှစ်ပေါင်း ၂၀ အကြာတွင် တဖြည်းဖြည်း လျော့ကျလာခဲ့သည်။ သို့သော် အပြုသဘော ဆောင်သည့် ယင်း အလားအလာ မှာ လွန်ခဲ့သော ငါးနှစ်မှစ၍ ပြောင်းလဲလာခဲ့သည်။ မပြီးဆုံးနိုင် သေးသည့် အမေရိကန် အစိုးရ၏ အကြမ်းဖက် တိုက်ဖျက်ရေး အစီအစဉ် ၊ အရှေ့အလယ်ပိုင်း မှ ISIS စစ်သွေးကြွ တို့၏ နယ်မြေ ချဲ့ထွင်မှုများ ၊ ရုရှားနှင့် နေတိုင်း တပ်ဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် တူရကီတို့အကြား တင်းမာမှုများ နှင့် အာဖဂန်တွင် ပြန်လည် တစ်စခန်းထ လာသည့် တာလီဘန် စသည့် အကြောင်းအရာ များသည် ၂၀၁၅ ခုနှစ်အတွင်း ထင်ရှားသည့် ဖြစ်ရပ်များအဖြစ် ရပ်တည် နေခဲ့သည်။ အလားတူ ၂၀၁၆ ခုနှစ်တွင်လည်း နိုင်ငံများအကြား ဖြစ်ပွားနေသည့် အငြင်းပွားမှု နှင့် လက်နက်ကိုင် ပဋိပက္ခများမှာ လျော့နည်း သွားမည့် အလားအလာ မရှိဘဲ တချို့ ပဋိပက္ခများမှာ ပိုမိုဆိုးရွားလာဖွယ် ရှိသည်။ ယင်း ပဋိပက္ခများ အနက်မှ တချို့ကို ကောက်နုတ်တင်ပြ လိုက်ပါသည်။
အမေရိကန် ပြည်ထောင်စုတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ
ယခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ပြည်သူ သန်းပေါင်းများစွာ ပါဝင် မဲပေးကြမည် ဖြစ်သည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းကို ကိုင်တွယ် ဖြေရှင်းရာတွင် ဦးဆောင်သည့် ကဏ္ဍမှ ပါဝင်ခြင်း၊ အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ် အပါအဝင် နိုင်ငံအတွင်း အရေးတကြီး ကိုင်တွယ်ရန် လိုအပ်လျက် ရှိသော လက်နက် ထိန်းချုပ်ရေး၊ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခွန် ကောက်ခံရေး စသောမူဝါဒ များသည် အဆိုပါ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရလာမည့် သမ္မတလောင်း ၏ မူဝါဒအပေါ် များစွာ မူတည်နေ သောကြောင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို တစ်ကမ္ဘာ လုံးမှ အမေရိကန် ပြည်ထောင်စု၏ မဟာမိတ်နိုင်ငံ များက စိုးရိမ်မကင်း စောင့်ကြည့် နေကြမည်ဟု ယူဆရသည်။
အဆိုပါ သမ္မတ ရွေးကောက်ပွဲ တွင် အဓိကပါတီကြီး နှစ်ခုမှ ပြိုင်ဘက်နှစ်ဦး ထွက်ပေါ် လာဖွယ်ရှိသည်။ ၄င်းတို့အနက် တစ်ဦးမှာ ရီပတ်ဘလစ်ကန် ပါတီမှ ဒေါ်နယ်ထရမ့် နှင့် ကျန်တစ်ဦးမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဒီမိုကရက်တစ် ပါတီမှ ဟီလာရီ ကလင်တန် တို့ ဖြစ်သည်။ သို့သော် အမေရိကန် ပြည်သူ အများစုသည် အဆိုပါသမ္မတ ရွေးကောက်ပွဲတွင် ဟီလာရီ ကလင်တန် ကိုသာ ထောက်ခံမဲ ပေးနိုင်ဖွယ် ရှိသည်။
မပြီးပြတ်သေးသော အာဖဂန်နစ္စတန် အရေး
အာဖဂန်နစ္စတန် နိုင်ငံ အတွင်းရှိ တာလီဘန်နှင့် အယ်လ်ကိုင်ဒါ စစ်သွေးကြွ များကို ဖယ်ရှားနိုင်ရေး အတွက် အမေရိကန် အစိုးရက ကြားဝင်ခဲ့သည်မှာ ၁၄ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သမ္မတ ဘားရက် အိုဘားမား ၏ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်မှာ အဆုံးသတ်နိုင်မည့် အနေအထားနှင့် ဝေးကွာနေဆဲပင် ဖြစ်သည်။ ယနေ့အချိန်တွင် တာလီဘန် တို့သည် ၄င်းတို့ အဖွဲ့အတွင်း ကွဲပြားမှုများ ရှိနေလင့်ကစား အင်အား အတော်အတန် ရှိနေသေးသည်။
တာလီဘန် ခေါင်းဆောင် မူလာ မိုဟာမက် အိုမာ ၂ဝ၁၃ ခုနှစ်အတွင်း သေဆုံးခဲ့ ပြီးနောက် ခေါင်းဆောင်သစ် အဖြစ် တက်ရောက်လာပြီး ပါကစ္စတန် ထောက်လှမ်းရေး အဖွဲ့များနှင့် နီးစပ်မှုရှိသည့် မူလာအတ်တာ မိုဟာမက် မူဆူအာ သည် အာဖဂန်နစ္စတန်၌ စစ်ရေးအရ အောင်မြင်မှုများ ရယူခဲ့ပြီး တာလီဘန် အဖွဲ့အတွင်း၌ ၄င်း၏ ဦးဆောင်မှု ကဏ္ဍကို ပိုမိုခိုင်ခံ့အောင် လုပ်ဆောင် နိုင်ခဲ့သည်။ တာလီဘန် အဖွဲ့သည် အာဖဂန်နယ်မြေ အတွင်း တိုက်ခိုက်မှု များကို ဆက်လက် လုပ်ဆောင်လာခဲ့ပြီး ယင်းနိုင်ငံအတွင်း တပ်စွဲ ထားသည့် နိုင်ငံတကာ တပ်ဖွဲ့များ၏ တည်ရှိ နေမှုကိုပင် ပြန်လည် ခြိမ်းခြောက် လာနိုင်သောကြောင့် အာဖဂန် ငြိမ်းချမ်းရေး အတွက် ပါဝင် လုပ်ဆောင်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်း များက ယခုနှစ်အတွင်း ငြိမ်းချမ်းရေး သဘော တူညီချက် တစ်ရပ် ချမှတ်နိုင်ရန် အရေးတကြီး လုပ်ဆောင်ရမည် ဖြစ်သည်။
ပြိုင်ဆိုင်မှုမြင့်တက်လာသည့် တောင်တရုတ်ပင်လယ်
အမေရိကန် အစိုးရသည် တရုတ်နှင့် အငြင်းပွားလျက် ရှိသည့် နိုင်ငံများ ဖြစ်သော ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံ တို့၏ ရေကြောင်း လုံခြုံရေးအတွက် အကူအညီ အဖြစ် ဒေါ်လာ ၂၅၉ သန်း ပေးအပ်မည်ဟု ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ က ထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်း ကြေညာချက်သည် ကမ္ဘာ့ရေကြောင်း သွားလာရေး အဓိက လမ်းကြောင်း တစ်ခုဖြစ်သည့် တောင်တရုတ် ပင်လယ်နှင့် စပ်လျဉ်း၍ တင်းမာမှု များ မြင့်တက်နေစဉ် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် သယံဇာတ ပေါကြွယ်ဝဖွယ် ရှိသော တောင်တရုတ် ပင်လယ် အတွင်းရှိ ရေပိုင်နက် အားလုံးနီးပါးကို ၄င်းတို့ပိုင် အဖြစ် တစ်ဖက်သတ် ကြေညာထားပြီး ယင်း ရေပိုင်နက် အတွင်း၌ ကျွန်းတုများကို တည်ဆောက်လျက် ရှိသောကြောင့် အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတချို့နှင့် တင်းမာမှုများ ဖြစ်ပွားခဲ့ ရသည်။ ထို့ပြင် တရုတ်နိုင်ငံက ၄င်းတို့ပိုင် သတ်မှတ်ထားသည့် လေယာဉ်ကွင်း တစ်ခု တည်ဆောက်နေသော ရေပိုင်နက် အနီးသို့ အမေရိကန် ထောက်လှမ်းရေး လေယာဉ်တစ်စင်း ပြီးခဲ့သည့်နှစ် မေလတွင် ဝင်ရောက် ပျံသန်းခဲ့ပြီး ယင်းနှစ် အောက်တိုဘာလ တွင်လည်း အမေရိကန် ရေတပ် စစ်သင်္ဘော တစ်စင်း အဆိုပါ ရေပိုင်နက် အနီးသို့ ချဉ်းကပ်မောင်းနှင် ခဲ့မှုနှင့် စပ်လျဉ်း၍ တရုတ်အစိုးရက အပြင်းအထန် ကန့်ကွက် ခဲ့သည်။
ထို့ပြင် အမေရိကန် ပြည်ထောင်စု၏ လုပ်ဆောင်ချက်သည် မိမိတို့၏ အမျိုးသား လုံခြုံရေးကို ချိုးဖောက်ခြင်းပင် ဖြစ်သည်ဟု တရုတ်နိုင်ငံက စွပ်စွဲခဲ့သည်။
အဆိုပါ ရေပိုင်နက် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင်နိုင်ငံမှ တရုတ်နိုင်ငံအား နယ်သာလန်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက် ဆိုင်ရာ တရားရုံးသို့ တိုင်ကြားခဲ့သည်။ သို့သော် ယင်း တရားရုံး အဖွဲ့က ချမှတ်မည့် ဆုံးဖြတ်ချက်ကို လက်ခံရန်နှင့် ယင်းအမှုအား စီရင်ဆုံးဖြတ် ရာတွင် ပါဝင်ရန် တရုတ်နိုင်ငံက ငြင်းဆိုခဲ့သည်။
မည်သို့ပင်ဖြစ်စေ ယင်း တရားစီရင်မှုတွင် တရုတ်နိုင်ငံ ပါဝင်လာစေရေး အတွက် နိုင်ငံတကာ အသိုက်အဝန်းက ဖိအားပေးနိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်ပြီး ယင်းကိစ္စရပ် နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် တစ်ရပ်သည် ၂ဝ၁၆ ခုနှစ်အတွင်း ထွက်ပေါ် လာမည်ဟု မျှော်လင့် ရသောကြောင့် တောင်တရုတ် ပင်လယ်အရေးနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်၏ ပြိုင်ဘက် နိုင်ငံကြီး တစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတို့က အနီးကပ် စောင့်ကြည့်နေမည် ဖြစ်သည်။
အရေးတကြီးဖြေရှင်းရန် လိုအပ်လာမည့် ရုရှား-တူရကီ ဆက်ဆံရေး
တူရကီနိုင်ငံက ရုရှား ဗုံးကြဲလေယာဉ် တစ်စင်းကို ဆီးရီးယားနယ်စပ် အနီး၌ ပစ်ချခဲ့မှု အပေါ် တုံ့ပြန်သည့် အနေဖြင့် ချမှတ်ခဲ့သော ရုရှား၏ စီးပွားရေး ပိတ်ဆို့မှုများသည် တူရကီ စီးပွားရေးအား အကြီးအကျယ် အထိနာ စေခဲ့သည်။
တူရကီစစ်ဘက်က Sukhoi 24 အမျိုးအစား ရုရှား ဗုံးကြဲလေယာဉ် ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်တွင် ပစ်ချခဲ့ခြင်း ဖြစ်ပြီး ယင်း ဗုံးကြဲလေယာဉ် သည် တူရကီ လေကြောင်း ပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက် ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ယင်းစွပ်စွဲချက်ကို ရုရှားနိုင်ငံက ငြင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမိုဆိုးရွား လာခဲ့သည်။
ရုရှားအစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုတွင် ခရီးသွားလာရေး၊ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် သစ်သီးဝလံ တင်ပို့မှုများ ပါဝင်လျက်ရှိရာ တူရကီနိုင်ငံ အတွင်းသို့ ရုရှားနိုင်ငံသားများ ဝင်ရောက်ခြင်းကို ပိတ်ပင်ခြင်း ခံထား ရသောကြောင့် တူရကီအစိုးရ အနေဖြင့် ခရီး သွားလာရေး လုပ်ငန်းမှ တစ်နှစ်လျှင် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံခန့် ဆုံးရှုံးနေရပြီး ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်တန့်ခဲ့ခြင်း ကြောင့် တူရကီနိုင်ငံ အနေဖြင့် နှစ်စဉ်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံခန့် ထပ်မံဆုံးရှုံး နိုင်ဖွယ် ရှိနေသည်။
အလားတူ တူရကီနိုင်ငံ အတွက် လိုအပ်သည့် သဘာဝ ဓာတ်ငွေ့ ၅၅ ရာခိုင်နှုန်းနှင့် ရေနံ ၃ဝ ရာ ခိုင်နှုန်းကို ရုရှားမှ တင်သွင်းရလျက် ရှိရာ ယင်း လောင်စာ ထောက်ပံ့မှုကို ရုရှားနိုင်ငံမှ ရပ်တန့်လိုက်မည် ဆိုပါက
တူရကီနိုင်ငံ၏ စီးပွားရေးအပေါ် ဆိုးရွားသည့် အကျိုး သက်ရောက်မှု များကို ထပ်မံဖြစ်ပေါ် လာစေမည် ဖြစ်သောကြောင့် ရုရှားနှင့်တူရကီ နိုင်ငံတို့ အနေဖြင့် ၄င်းတို့အကြား ဆက်ဆံရေးကို ပြန်လည်ကောင်းမွန် လာစေရန် ယခုနှစ်တွင် အရေးတကြီး လုပ်ဆောင် ရဖွယ်ရှိကြောင်း လေ့လာ ရေးသားလိုက်ရ ပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)
No comments:
Post a Comment