Social Icons

Pages

Monday, September 7, 2015

နိုင်ငံတော်မှ စရိတ်တစ်ဝက်ပံ့ပိုး ကူညီမှုကြောင့် ပြည်တွင်း၌ ကျောက်ကပ်အစားထိုး လဲလှယ်မှု များပြားလာ


ရန်ကုန် ၊ ၇-၉-၂ဝ၁၅

လက်ရှိတွင် နိုင်ငံတော်မှ ကျောက်ကပ်ဝေဒနာ ခံစားနေရသည့် လူနာများအား ကျောက်ကပ် လဲလှယ်ရန် လိုအပ်လာသည့် အခါ စရိတ်တစ်ဝက် ပံ့ပိုးပေးပြီး ပူးပေါင်း လဲလှယ်မှု ပြုလုပ်ပေး ခြင်းကြောင့် ပြည်တွင်း၌ ကျောက်ကပ် လဲလှယ်မှုများမှာ ယခင်ကထက် ပိုမိုများပြား လာကြောင်း သိရသည်။

''ကျောက်ကပ် လဲလှယ်ဖို့ ကုန်ကျစရိတ် အနေနဲ့ မြန်မာငွေကျပ် သိန်း ၅ဝ နီးပါး ကုန်ကျပါတယ်။ အဲဒီလို ကုန်ကျတဲ့ နေရာမှာ ကုန်ကျစရိတ် တစ်ဝက်ဖြစ်တဲ့ ၂၅ သိန်းကို အစိုးရက တစ်ဝက်စိုက် ပေးပါတယ်။ အခုလို စိုက်ပေးတဲ့ အတွက် အလယ်အလတ် တန်းစားလူတွေ အပါအဝင် အောက်ခြေ လူတန်းစား တွေက ကျောက်ကပ် လဲလှယ်မှုကို အရင်ကထက် ပိုမိုပြုလုပ် လာနိုင်တယ်။ ဒီလို အစိုးရက တစ်ဝက်စိုက် ပေးတဲ့ အစီအစဉ်မှာ ကျောက်ကပ် ရောဂါ ဝေဒနာရှင် တွေအတွက်တော့ အထူး အခွင့်အရေး တစ်ခုပါပဲ'' ဟု အစိုးရ၏ စရိတ်တစ်ဝက် ပံ့ပိုးမှုဖြင့် ကျောက်ကပ် လဲလှယ်မှု ပြုလုပ်ထား သည့် လူနာ တစ်ဦးက ပြောသည်။

နိုင်ငံတော် အစိုးရသည် အဆိုပါ ကျောက်ကပ် လဲလှယ်မှု ပြုလုပ်ရာတွင် စရိတ်တစ်ဝက် ပံ့ပိုးပေးသည့် အစီအစဉ်အား မကြာသေးမီ အချိန်ကာလမှ စတင် ပြုလုပ်ခြင်း ဖြစ်သည်။ ကျောက်ကပ် လဲလှယ်လိုသူ များအနေဖြင့် လိုအပ်သည့် ကျောက်ကပ်ကို မိမိ အစီအစဉ်ဖြင့် မိမိရှာဖွေကာ လဲလှယ်မှု ပြုလုပ်ရမည် ဖြစ်သည်။ နိုင်ငံတော် အစိုးရထံမှ ကျောက်ကပ် လဲလှယ်ရန် စရိတ်တစ်ဝက် ရရှိလို သူများသည် ဆရာဝန်ကြီး များ၏ ထောက်ခံချက်ဖြင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ လျှောက်ထားမှု ပြုလုပ်ရမည် ဖြစ်သည်။

ပြည်ပနိုင်ငံ များတွင် ကျောက်ကပ် အစားထိုး လဲလှယ်မှု သွားရောက် ပြုလုပ်ပါက အမေရိကန် ဒေါ်လာ တစ်သောင်းခွဲမှ နှစ်သောင်းခွဲကြား တွင်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ယခုနှစ်မှစ၍ ကျောက်ကပ် ရောဂါ ဝေဒနာရှင်အများအပြားကို အောင်မြင်စွာ အစားထိုး ကုသမှုများ ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

သီရိ

မြဝတီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...