Social Icons

Pages

Thursday, June 11, 2015

မီဒီယာဖွံ့ဖြိုးတိုးတက်ရေး


မီဒီယာဖွံ့ဖြိုးတိုးတက်ရေး

ဒီမိုကရေစီ အစိုးရ ပေါ်ပေါက် လာပြီးနောက် ပြုပြင် ပြောင်းလဲမှု အရပ်ရပ်တွင် မီဒီယာနှင့် ပတ်သက်၍ ဆင်ဆာစနစ်ကို အပြီးပိုင် ရုပ်သိမ်းခြင်း၊ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထွက်ပေါ်လာခြင်း၊ စာနယ်ဇင်း လောကအကျိုး သည်ပိုးမည့် စာပေဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ပေါက် လာခြင်း တို့သည်လည်း အပါအဝင် ဖြစ်သည်။

စာနယ်ဇင်းကို စတုတ္ထမဏ္ဍိုင်ဟု တင်စားပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရား စီရင်ရေး တည်းဟူသော မဏ္ဍိုင်(၃) ရပ်ကို ထိန်းကျောင်း တည့်မတ်ရန်နှင့် ပဉ္စမ မဏ္ဍိုင်ဟု တင်စား ခေါ်ဝေါ်သည့် နိုင်ငံသားတို့ အကြား ပေါင်းကူးပေးရန် တာဝန်ရှိသည် ဟု ခံယူကြသည်။ အထူးသဖြင့် မီဒီယာတို့၏ အခန်းကဏ္ဍမှာ နိုင်ငံတော် အစိုးရ၏ ပြည်သူဗဟိုပြု ဝါဒ အကောင်အထည် ဖော်ရာတွင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု အရပ်ရပ်ကို နိုင်ငံသားများ သိရှိစေရေး ဆောင်ရွက်ရာတွင် အထူး အရေးပါ အရာရောက် လာပြီ ဖြစ်သည်။

ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေး တွင် မြန်မာ့ မီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် လူမှု တာဝန်သိသော မီဒီယာ ရည်မှန်းချက် ထား လုပ်ဆောင် လာသည်ကို မြင်တွေ့ လာရသည်။ ယခင်အစိုးရ လက်ထက် ကျင့်သုံးခဲ့သည့် စနစ်ဟောင်း သည် မီဒီယာ ထိန်းချုပ်မှု မြင့်မားသည့် အခြေအနေ၊ အထက်အမိန့် အတိုင်းသာ လုပ်ဆောင်ရသော အနေအထား၊ အစိုးရအပေါ် ဝေဖန်မှု များအတွက် အပြစ်ဒဏ် ခံရသည့် စနစ်၊ လိုင်စင်စနစ်၊ ဆင်ဆာစနစ် တို့ဖြင့် ထိန်းချုပ် ထားသည့် ပုံစံဖြစ်သည်။

လူမှုတာဝန် သိသော မီဒီယာ ရည်မှန်းချက် အရ စာနယ်ဇင်း သည် အစိုးရကို ဝေဖန် ထောက်ပြရန် အခွင့်အရေး ရှိလာသည်။ အစိုးရသည် အများပြည်သူ အကျိုးအလို့ငှာ စာနယ်ဇင်း ဆိုင်ရာ စည်းမျဉ်း ဥပဒေများ ရေးဆွဲနိုင်သည်။ ထို့ပြင် စာနယ်ဇင်းသည် ဒီမိုကရေစီကို ကာကွယ် စောင့်ရှောက်ရန် အတွက် အများပြည်သူကို မှန်မှန်ကန်ကန် တင်ပြခြင်း နှင့် လူ့အဖွဲ့အစည်း ၏ လိုအပ်ချက် များနှင့် အကျိုးစီးပွား ကို မဆိုင်းမတွ တုံ့ပြန် တင်ပြခြင်း တို့အတွက် တာဝန်ရှိ လာသည်။ တစ်နည်းအားဖြင့် Self Regulation ခေါ် ကိုယ်တိုင် ပြဋ္ဌာန်းသည့် ဥပဒေကျင့်ဝတ် စည်းမျဉ်းများ နှင့်အညီ ကိုယ်တိုင် ထိန်းကျောင်း သွားသည့်အဆင့် သို့ ဦးတည် လာပြီဖြစ်သည်။

ကမ္ဘာပေါ်တွင် သတင်းထောက် သာမရှိလျှင် ကမ္ဘာကြီး၏ ဖြစ်ပေါ် ပြောင်းလဲမှု တိုးတက်မှုများကို မည်သူမျှ မသိနိုင်ပေ။ ထိုသို့ အရေးပါ အရာရောက်သည့် သတင်းမီဒီယာ ၏ အခန်းကဏ္ဍ တိုးတက် မြင့်မားရေးကို စာနယ်ဇင်း သမားများ၊ သတင်းမီဒီယာ သမားများ စုပေါင်းကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်သည်။ သတင်းမီဒီယာ လုပ်ငန်းအနေဖြင့် စတုတ္ထမဏ္ဍိုင် အဖြစ် ရပ်တည် နိုင်စေရန် သတင်းမီဒီယာ သမားတို့၏ ရပိုင်ခွင့် များနှင့် လိုက်နာရမည့် တာဝန်ကျင့်ဝတ် များကို တိကျစွာ လိုက်နာ ကျင့်သုံးသွားကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ ရေးသားပြုစု လိုက်သောစာ၊ သတင်းတစ်ပုဒ် သည် အချက်အလက် မမှန်မကန် မှားယွင်းမှုကြောင့် သက်ဆိုင်သူ တစ်ဦးဦး အပေါ် အထင်အမြင် လွဲမှား သွားစေခြင်း၊ လူပုဂ္ဂိုလ် တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ ထိခိုက် နစ်နာစေခြင်း တို့သည် သတင်းမီဒီယာ ကျင့်ဝတ် အတိုင်းသာ လိုက်နာ ဆောင်ရွက်မည် ဆိုပါက ပြဿနာ မဖြစ်ပွား စေနိုင်ဘဲ မီဒီယာလောက တိုးတက်ဖွံ့ဖြိုး လာမည်ဖြစ်၍ သတင်း မီဒီယာ၏ အခြေခံမူနှင့် ကျင့်ဝတ်ကို မီဒီယာသမားများ အလေးထား လိုက်နာကျင့်သုံး သွားရမည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...