ရန်ကုန် ၊ ၂၃-၂-၂၀၁၅
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ရန်ကုန်မြို့တော် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရန် အဆင့်မြင့် လမ်းတံတား လုပ်ငန်းကို ၁၆၆ ခုအထိ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (လမ်းနှင့်တံတား) ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ယခု ဘဏ္ဍာနှစ် အတွင်း ငွေကျပ် ၇၇ ဘီလီယံကျော် အသုံးပြုရန် လျာထားပြီး ဖြစ်ကြောင်း၊ အဓိက အားဖြင့် ကတ္တရာ လမ်းများ ထက် ကွန်ကရစ်လမ်း ကိုသာ ဦးစားပေး ခင်းကျင်းခဲ့ပြီး တံတားသစ် များကိုလည်း တည်ဆောက်လျက် ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့ အတွင်း ပျက်စီး နေသော လမ်းများကို ပြန်လည် ခင်းကျင်း ရာတွင် မိုးရေဒဏ် ခံနိုင်ရည် မရှိသောကြောင့် ကွန်ကရစ်လမ်း များကိုသာ ခင်းကျင်း နေရခြင်း ဖြစ်ပြီး ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်း တို့ကို ကတ္တရာလမ်း အဖြစ်သာ ထိန်းသိမ်း ပြုပြင်ခြင်းများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြို့သစ်မြို့နယ် များနှင့် ချိတ်ဆက် ထားသည့် မြို့တွင်း ပတ်လမ်းများ အဆင့်မြင့် ကောင်းမွန်စေရန် ပြုလုပ် သွားမည် ဖြစ်ကြောင်း၊ မြို့တွင်း ပတ်လမ်းများမှာ ဗိုလ်တထောင်လမ်း၊ ကမ်းနားလမ်း၊ အနော်ရထာလမ်း၊ အောက် ပုဇွန်တောင်လမ်း၊ အထက် ပုဇွန်တောင်လမ်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်း၊ ခရေပင်လမ်း၊ အောက် မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင် ကမ်းနားလမ်း စသည့် ချိတ်ဆက်လမ်း များလည်း ပါဝင်ကြောင်း သိရသည်။
စိုးမိုး
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment