Social Icons

Pages

Monday, July 14, 2014

အပင်တိုင်းပွင့်၍ အပွင့်တိုင်းမွှေးစေရန် စိတ်ရင်းစေတနာကောင်းဖြင့် စုပေါင်းဆောင်ရွက်


အပင်တိုင်းပွင့်၍ အပွင့်တိုင်းမွှေးစေရန် စိတ်ရင်းစေတနာကောင်းဖြင့် စုပေါင်းဆောင်ရွက်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ကျေးလက်နေ ပြည်သူများ လူမှုဘဝ တိုးတက် မြင့်မားရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ မြစိမ်းရောင် ကျေးရွာ စီမံကိန်း များကို စတင် အကောင် အထည်ဖော် နေပြီ ဖြစ်သည်။

မြစိမ်းရောင် ကျေးရွာ စီမံကိန်း များကို ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် ဖန်တီးပေးရန်၊ မိသားစု ဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက် ခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံစေရန် နှင့် အာဟာရ ပြည့်ဝစေရန် ဟူသော ရည်ရွယ်ချက် များဖြင့် အကောင် အထည်ဖော် နေခြင်း ဖြစ်သည်။

မြစိမ်းရောင် ကျေးရွာ စီမံကိန်းများ အကောင် အထည်ဖော်ရန် ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း ၃ဝဝ နှုန်းဖြင့် စတင် ဆောင်ရွက်လျက် ရှိသည်။ စီမံကိန်းများကို တိုင်းဒေသကြီး များနှင့် ပြည်နယ် ၁၄ ခုနှင့် နေပြည်တော် ကောင်စီနယ်မြေ တို့ရှိ ခရိုင် ၃၈ ခရိုင်၊ မြို့နယ် ၇၄ မြို့နယ် အတွင်း ကျေးရွာပေါင်း ၁၁၅ဝ အတွက် စီမံကိန်း ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၃၄ ဒသမ ၅ ဘီလီယံ သုံးစွဲ သွားမည် ဖြစ်သည်။

မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန က မြစိမ်းရောင် ကျေးရွာ စီမံကိန်းများ အကောင် အထည်ဖော် နေသကဲ့သို့ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ကလည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများကို ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်လျက် ရှိရာ ငါးနှစ် စီမံကိန်း မူဘောင် အတွင်းမှ ဆည်ရေသောက် စနစ်များ တည်ဆောက်ခြင်း၊ တာတမံများ ထိန်းသိမ်း မွမ်းမံခြင်း၊ စက်မှု လယ်ယာစနစ် ကူးပြောင်း နိုင်ရန် ဆောင်ရွက်ခြင်း၊ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာ လုပ်ငန်းများ ပညာပေး ဆောင်ရွက်ခြင်း၊ တန်ဖိုးမြှင့် ကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ဖြင့် ကြိုးပမ်း ဆောင်ရွက် နေပြီ ဖြစ်သည်။

နိုင်ငံတော်တွင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ အတွက် ၂ဝ၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေတွင် အထူး အခွင့်အရေး များ ပေးထားသည်။ ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင် အကျိုး သက်ရောက်သော အဆိုပါ ဥပဒေ၏ အခန်း(၅) ကုန်သွယ် လုပ်ငန်းခွန် ဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၁၁ ပုဒ်မခွဲ(ဂ) အရ ပြည်တွင်း၌ ထုတ်လုပ် ရောင်းချခြင်းမှ ရောင်းရငွေ အပေါ်တွင် ကုန်သွယ် လုပ်ငန်းခွန် မကျသင့် စေဘဲ ပြည်ပမှ တင်သွင်းခြင်း ဖြစ်ပါက ကုန်းပေါ်ရောက် တန်ဖိုး အပေါ်တွင် ၅ ရာခိုင်နှုန်းဖြင့် ကုန်သွယ် လုပ်ငန်းခွန် ကျသင့် စေရမည်ဟု ဖော်ပြ ထားသည့် ကုန်ပစ္စည်း အမျိုးအမည် ၆ဝ အနက် စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများမှ ထုတ်ကုန် အများစု ပါဝင်သည်။ ထို့အပြင် ပုဒ်မ ၁၈ ပြဋ္ဌာန်းချက် အရ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားသော ကုန်ပစ္စည်း အမျိုးအမည် ၁၈ မျိုး တွင်လည်း စိုက်ပျိုးရေး လုပ်ငန်းသုံးစက် နှင့် အပို ပစ္စည်းများ၊ သွင်းအားစုများ၊ မွေးမြူရေး အစာကုန်ကြမ်း နှင့် ကုန်ချော ပစ္စည်းများ ၊ တိရစ္ဆာန် ဆေးဝါးများ ၊ မျိုးမြှင့် သားစပ်ရာတွင် အသုံးပြုရန် မျိုးရည်နှင့် မျိုးချောင်းများ ပါဝင်ကြောင်း တွေ့ရသည်။

သို့ဖြစ်၍ နိုင်ငံတော် လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း နေထိုင်လျက် ရှိသော ကျေးလက်နေ ပြည်သူများ လူမှုဘဝ တိုးတက် မြင့်မားရေး အတွက် နိုင်ငံတော် အစိုးရက အကောင် အထည်ဖော်လျက် ရှိရာ မြစိမ်းရောင် ကျေးရွာ စီမံကိန်းသည် ရွှေရောင် ဝင်းသည့် လယ်ကွင်းများ နှင့် မြရောင် စိမ်းစို သာယာပိုသော ကျေးရွာတို့၏ သဘာဝကို ပိုမို လှပတင့်တယ် စေမည် ဖြစ်ရကား အပင်တိုင်း ပွင့်၍ အပွင့်တိုင်း မွှေးစေရန် စိတ်ရင်း စေတနာကောင်း ဖြင့် စုပေါင်း ဆောင်ရွက်ကြ ပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...