Social Icons

Pages

Thursday, January 9, 2014

တောင်သူလယ်သမားများ ဘ၀ မြင့်မားတိုးတက်ဖို့


တောင်သူလယ်သမားများ ဘ၀ မြင့်မားတိုးတက်ဖို့

မြန်မာနိုင်ငံ သည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည် နှင့်အညီ ဆန်စပါးသည် အခြားသီးနှံ များထက် မြန်မာနိုင်ငံရှိ စိုက်ပျိုးသူ တောင်သူ လယ်သမား များ၏ အဓိက အားထားရာ သီးနှံ ဖြစ်သည်။

ရှေးအခါက နိုင်ငံ၏ အဓိက ပို့ကုန်မှာ ဆန်စပါး ဖြစ်ပြီး မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွင် တိုင်းတစ်ပါးသား များကို လယ်ကူလီ အဖြစ် ငှားရမ်း အသုံးချ ခဲ့သည်ဟု မှတ်သား ဖူးသည်။ ၂ဝ၁၂ - ၂ဝ၁၃ ခုနှစ်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ထွက် ပစ္စည်း တန်ချိန် ၁ ဒသမ ဝ၁ သန်း တင်ပို့ နိုင်ခဲ့ပြီး မြန်မာနိုင်ငံ တွင် ဆန်တင်ပို့မှု အများဆုံး စံချိန် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ မြန်မာ့ဆန် တင်ပို့မှု စံချိန်တင် မြင့်မား တိုးတက် ခဲ့သော်လည်း လက်ရှိတွင် စပါးနှင့် ဆန်ဈေးနှုန်း များမှာ တဖြည်းဖြည်း ကျဆင်း နေသည်ကို တွေ့ရှိ ရသဖြင့် နိုင်ငံ၏ ပြည်ပပို့ကုန် တိုးတက်မှုကို မထိခိုက်အောင် စပါးစိုက် တောင်သူများ အကျိုးအမြတ် အထိုက်အလျောက် ရစေမည့် နည်းလမ်းများကို လုပ်ကိုင် ပေးလျက် ရှိသည်။

တောင်သူ လယ်သမားများ ၏ အဓိက အသက်မွေး ဝမ်းကျောင်း လုပ်ငန်း ဝင်ငွေကောင်း ၍ စီးပွားဖြစ်ထွန်း မှသာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးကို အထောက် အပံ့ ပေးနိုင်သဖြင့် နိုင်ငံအတွက် အလေးထား ဆောင်ရွက် ရမည့် လုပ်ငန်း ဖြစ်ပေသည်။

စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်း ၊ ချေးငွေ ထုတ်ပေးခြင်းဖြင့် မလုံလောက်ဘဲ အတတ်ပညာ ၊ နည်းပညာ ၊ စက်မှုလယ်ယာ နှင့် မျိုးစပါး ၊ ဓာတ်မြေသြဇာ ၊ ပိုးသတ်ဆေး တို့သာမက သယ်ယူ ပို့ဆောင်ရေး ၊ ရောင်းဝယ် ဖောက်ကားရေး ကအစ လွယ်ကူ ချောမွေ့စေရေး အတွက် ဝိုင်းဝန်း ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏ အဓိက ပို့ကုန်ဖြစ်သည့် ဆန် နှင့် ဆန်ထွက် ပစ္စည်းများ တစ်နှစ်ထက် တစ်နှစ် မြင့်မား တိုးတက်ကာ ပြည်ပသို့ တင်ပို့နိုင်ရေး အတွက် စပါးစိုက် တောင်သူများ အားလုံး စပါးစိုက်ရ ကျိုးနပ် စေရန်အတွက် ဈေးကွက် မှန်ကန်ရေး ၊ လိုအပ်ချက်များ ဖြည့်ဆည်း ပေးရေး ၊ လက်မှုလယ်ယာ မှ စက်မှုလယ်ယာ သို့ ကူးပြောင်းပေးရေး တို့ကို ဆောင်ရွက် ပေးခြင်းဖြင့် တောင်သူ လယ်သမားများ ဘဝ မြင့်မား တိုးတက် လာမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( ၉-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...