Social Icons

Pages

Friday, January 3, 2014

တရားဝင် ခွင့်ပြုချက်မရှိသည့် ဆက်သွယ်ရေး ၀န်ဆောင်မှုများကြောင့် ရေဒီယိုလှိုင်းနှုန်းများ ကျဆင်းနေ



ရန်ကုန် ၊ ၃-၁-၂၀၁၄

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ခွင့်ပြုထားခြင်း မရှိသည့် တရားမဝင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ကြောင့် ပြည်သူများ အသုံးပြု နေသည့် ရေဒိယို လှိုင်းနှုန်းများ ကျဆင်းနေသည့် အတွက် တရားမဝင် ဆက်သွယ်ရေး ပစ္စည်းများကို ကိုင်ဆောင် အသုံးပြု ပါက အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယမန်နေ့ က ထုတ်ပြန် လိုက် ကြောင်း သိရသည်။

ပြည်တွင်းတွင် တချို့သော ပုဂ္ဂိုလ် ၊ ဌာန ၊ အဖွဲ့အစည်းများ အနေဖြင့် တရားဝင် ခွင့်ပြုချက် လိုင်စင် ရရှိထားခြင်း မရှိဘဲ ဆက်သွယ်ရေး ဝန်ဆောင်မှု များကို လုပ်ကိုင်ခြင်း နှင့် ကန့်သတ် စက်ပစ္စည်းများ ဖြစ်သည့် လမ်းလျှောက် စကားပြောစက် ( Walkie- Talkie ) များ ၊ HF/ VHF ရေဒီယို လွှင့်ဖမ်းစက်များ အသုံးပြုခြင်း ၊ Repeater များ အသုံးပြုခြင်း များ ရှိနေသည့် အတွက် အဆိုပါ ပစ္စည်းများကို တရားမဝင် ကိုင်ဆောင် အသုံးပြုပါက အရေးယူ သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။

နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက် နိုင်ရန် အတွက် ဆက်သွယ်ရေး နည်းပညာဖြင့် အထောက် အကူပြု နိုင်စေရန် နှင့် ဖွံ့ဖြိုး တိုးတက်လာ သည့် ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်တွင်း ၊ ပြည်ပမှ ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခွင့်အလမ်းတူ မျှတသည့် ပြိုင်ဆိုင်မှုများ ဆောင်ရွက် နိုင်စေရန် အတွက် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ လုပ်ကိုင်ခြင်း ၊ ဆက်သွယ်ရေး စက်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးခြင်း ၊ တင်သွင်း ရောင်းချခြင်း များအတွက် သတ်မှတ်ချက် များအား တစ်ဆင့်ချင်း ဖြေလျှော့ခြင်း များကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပေးခဲ့သည်။

ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပြီး ဖြစ်သည့် ဆက်သွယ်ရေး ဥပဒေနှင့် အညီ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် လိုပါက တရားဝင် လိုင်စင် လျှောက်ထား ရယူရမည် ဖြစ်ပြီး ခွင့်ပြုချက် လိုင်စင် မရှိဘဲ ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်ခြင်း ၊ လိုင်စင်ဖြင့်သာ ခွင့်ပြုသော ဆက်သွယ်ရေး စက်ပစ္စည်း များကို လိုင်စင် မရှိဘဲ ကိုင်ဆောင် အသုံးပြုခြင်း များတွေ့ရှိ ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...