Social Icons

Pages

Thursday, January 2, 2014

ယုံကြည်မှုများနှင့်အတူ လူမှုဝန်းကျင်


ယုံကြည်မှုများနှင့်အတူ လူမှုဝန်းကျင်

ကျွန်ုပ်တို့သည် ဘဝတစ်ခုကို ကိုယ်စီ တည်ဆောက် နေကြရ၏။ မိသားစု အဖွဲ့အစည်းဖြင့် ဘဝစ ကြရ၏။ အိမ်နီးနားချင်း များနှင့်အတူ နေထိုင် ကြရ၏။ ရပ်ကွက် ၊ ကျေးရွာထဲတွင် ရှင်သန်ကြီးထွား လာကာ နောက်ဆုံး၌ မိသားစု ဘဝထဲမှ အပြောကျယ် လှသော လူ့အဖွဲ့အစည်း ပင်လယ် ပြင်ကျယ်ကြီး ထဲ၌ ကျင်လည် လှုပ်ရှား ရုန်းကန် ရှင်သန် နေကြရ ပေသည်။

ထို့ကြောင့် လူမှုရေး ပညာရှင်များက လူသည် အဖွဲ့အစည်း ၊ အသင်းအပင်း များနှင့် နေထိုင် တတ်သော သက်ရှိ မျိုးနွယ်များ ( Man Kind is Social Animal ) ဖြစ်သည်ဟု ဆိုထား ကြသည်။ ဤအဆိုမှာ မှန်သည်ဟု ဆိုရမည်သာ ဖြစ်ပေသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် ၌ လူအများနှင့် အတူ မနေလို၍ တစ်ကိုယ်တည်း တောထွက် နေထိုင်သူ ဟူ၍ တရားရှာမှီးသူ များမှ အပ မရှိပေ။

လူတိုင်းသည် ပတ်ဝန်းကျင် ၊ အသိုင်းအဝိုင်း နှင့်အတူ နေထိုင်ကြသော လူ့အဖွဲ့အစည်း ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လူ့ အဖွဲ့အစည်း သည်လည်း လူတိုင်းအတွက် လိုအပ်ချက် ပင်ဖြစ်သည်။ ထို့ကြောင့် လူလူချင်း ချစ်ခင် ကြင်နာ ကြရမည်။ ကူညီရိုင်းပင်း ကြရမည်။ အများ အကျိုးအတွက် ဆောင်ရွက် ကြရမည်။ အချင်းချင်း ဆွေမျိုး ညီအစ်ကိုများ အဖြစ် ခံယူ ကြရမည် ဖြစ်ပေသည်။

ဆွေမျိုး ၊ မိတ်ဆွေ အရင်းအချာ မည်သည် မိမိနှင့် အနီးဆုံးသောနေရာ၌ ရှိသည့် ပုဂ္ဂိုလ်များ ဖြစ်သည်ဟု ဗုဒ္ဓဘုရား ဟောကြား တော်မူခဲ့ကြောင်း မှတ်သား ကြားနာ ခဲ့ရဖူးသည်။ အကြောင်းမှာ အကယ်၍ အကြင်သူသည် မမျှော်လင့်ဘဲ ဒုက္ခများနှင့် ကြုံတွေ့ ခဲ့ရပါမူ အနီးအနားရှိ လူပုဂ္ဂိုလ် များကသာ ကူညီ နိုင်သဖြင့် ၄င်းတို့သည် ဆွေမျိုးရင်းချာများ ဖြစ်သည်ဟု မိန့်ဆိုခြင်း ဖြစ်သည်။

ကျွန်ုပ်တို့သည် လူအချင်းချင်း အပေါ် ထားရှိရမည့် စိတ်ဓာတ် ၊ သဘောထား အမှန်များကို အကြောင်း အမျိုးမျိုးကြောင့် စဉ်းစား တွေးခေါ်ခြင်း ပြုချင်မှ ပြုချင် ကြပေလိမ့်မည်။ လူအများနှင့် အတူတူ နေထိုင်မည့် ပုဂ္ဂိုလ်သည် လူလူချင်း အပေါ် ထားရှိရမည့် စိတ်သဘောထား အမှန်တရားကို စဉ်းစား ဆုံးဖြတ် ကြရမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ လူတို့သည် လောကကြီး နှင့် စကြဝဠာကြီး ၏ ဖြစ်ရပ်များကို စဉ်းစား သုံးသပ်ကာ လူတစ်ဦးချင်းမှ သည် လူ့အဖွဲ့အစည်း အသီးသီးတို့က တစ်ဦးနှင့် တစ်ဦး ၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှု အပြည့်ဖြင့် ကူညီရိုင်းပင်း ကြမည်ဆိုလျှင် ဤ ကမ္ဘာမြေ လောကသည် ထာဝရ အေးချမ်း သာယာ လှပမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။

( ၂-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...