Social Icons

Pages

Thursday, December 12, 2013

စောစောထလို့ စောစောလမ်းလျှောက် ကြပါစို့


စောစောထလို့ စောစောလမ်းလျှောက် ကြပါစို့

" စောစောအိပ်လို့ စောစောထလို့ စောစော လမ်းလျှောက် ကြပါစို့ " ဟူသော သီချင်းသည် လူတို့၏ ကိုယ်လက် ကျန်းမာ ကြံ့ခိုင်ရေး အတွက် ပြည်သူ တစ်ရပ်လုံး လမ်းလျှောက်ခြင်း ၊ ကိုယ်လက် လှုပ်ရှား အားကစား ပြုလုပ်ခြင်း တို့ကို လုပ်ဆောင် ကြရန် အသိပေး နှိုးဆော်သော သီချင်း ဖြစ်သည်။ အမှန် အားဖြင့်လည်း လမ်းလျှောက်ခြင်း ၊ ကိုယ်လက် လှုပ်ရှား အားကစား ပြုလုပ်ခြင်း တို့သည် ကျန်းမာရေး အတွက် ဆေးတစ်ခွက် ဖြစ်ပေသည်။

ဤ ဆောင်းကာလတွင် ဒီဇင်ဘာလ သည် အအေးပိုသော လဟုပင် ဆိုရလောက်အောင် အေးမြလှသည်။ အအေးဓာတ် ကြောင့် လူတိုင်းသည် သွေး ထိုင်းမှိုင်း၍ နေတတ်သည်။ ခန္ဓာကိုယ် တွင်း၌ ကိုလက် စထရော အဆီများ ပို၍ ဖြစ်စေ တတ်သည်။ အိပ်၍ သွေးလေး ၊ သွေးလေး၍ အိပ် ဆိုတာမျိုး ဖြစ်နေ တတ်သည်။ အကြောင်း မူကား ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းကြောင့် ခန္ဓာကိုယ် တွင် သွေးလေ မညီညွတ် ဖြစ်နေခြင်း ဖြစ်သည်။

ထိုကဲ့သို့ သွေးလေ မညီညွတ်ခြင်း ရက်ရှည် ဖြစ်နေပါက ကျန်းမာရေး ထိခိုက် နိုင်သည်။ ကိုယ်လက် လှုပ်ရှားမှု နည်း၍ ကိုယ်ခံ စွမ်းအား ကျဆင်း လာတတ်သည်။ ကိုယ်ခံ စွမ်းအား ကျသဖြင့် ရောဂါများ ၀င်လာ တတ်သည်။ ဖျားနာခြင်း ၊ ဆီးချုပ် ၀မ်းချုပ် ဖြစ်ခြင်း ၊ သွေးတိုးခြင်း ၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်း ၊ သွေးတိုးခြင်း ၊ လေးလံ ထိုင်းမှိုင်းခြင်း စသော ရောဂါများ ဖြစ်ပွား တတ်သည်။ ရောဂါ မဖြစ်ပွား စေရန် နံနက် စောစော အိပ်ရာထ လမ်းလျှောက်ခြင်း ၊ ကိုယ်လက် လှုပ်ရှား အားကစား ပြုလုပ်ခြင်း သည် အကောင်းဆုံး ဖြစ်သည်။

ထို့ကြောင့် ဒီဇင်ဘာလတွင် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး အတွက် ဒီဇင်ဘာ အားကစားလ ၊ အားကစားပွဲ များ ၊ လူထု လမ်းလျှောက်ပွဲ များ ပြုလုပ်ပေး နေခြင်း ဖြစ်သည်။ ပြည်သူ လူထု တစ်ရပ်လုံး ကျန်းမာရေးကို သတိမူ လုပ်ဆောင် လာရေး အတွက် ရည်ရွယ် ပြုလုပ် နေခြင်းလည်း ဖြစ်ပေသည်။ ကျန်းမာမှ အလုပ်လုပ် နိုင်မည်။ အလုပ်လုပ် နိုင်မှ ထုတ်ကုန် စွမ်းအား တိုးတက်ကာ နိုင်ငံ့ စီးပွားလည်း ဖွံ့ဖြိုး လာမည် ဖြစ်ပေသည်။

လူတစ်ဦး တစ်ယောက်သည် ကျန်းမာခြင်း ၏ တန်ဖိုးကို နာမကျန်းသည့် အခါမှ သိသည် ဆိုသည့် စကား ရှိသည်။ မကျန်းမမာ ဖြစ်လျှင် စားချင်တိုင်း မစားနိုင် ၊ သွားချင်တိုင်း မသွားနိုင် ဖြစ်ကာ စိတ်သွားတိုင်း ကိုယ်မပါခြင်း စသော ဒုက္ခများ နှင့် ကြုံကြ ရသည်။

သို့ဖြစ်ရာ ကျန်းမာခြင်းသည် လူတို့အတွက် အဓိက လာဘ်ကြီး တစ်ပါးဖြစ်သည် နှင့်အညီ ကျန်းမာ ကြံ့ခိုင် စေရန် ယခုကဲ့သို့ အေးချမ်းသည့် ဆောင်း အခါ သမယတွင် ရောဂါများ မဖြစ်ပွား စေရန် ကိုယ်လက် လှုပ်ရှားမှု များကို စောစောထကာ လုပ်ဆောင်ကြရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။ 

( ၁၂-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...