-
ရန်ကုန် ဖေဖော်ဝါရီ ၂၆
-
ယခုနှစ်အတွင်းတရုတ်နိုင်ငံသို့ ပြည်တွင်းမှဆန်တန်ချိန်လေးသိန်းအထိ ကိုတာစနစ်ဖြင့်တင်ပို့နိုင်ရေး ယခုရက်ပိုင်းအတွင်း သွားရောက် ဆွေးနွေးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အမှုဆောင် အရာရှိ ဒေါ်ထက်ထက်ရှိန်၏ ပြောပြချက်အရသိရသည်။
-
ထို့ပြင် အလွတ်သဘောတွေ့ဆုံမှုမှ ၂ဝ၁၆ ခုနှစ်က တရုတ်နိုင်ငံသို့ ဆန်တန်ချိန်တစ်သိန်းကို ကိုတာစနစ်ဖြင့် တင်ပို့ခွင့်ရရှိခဲ့ပြီး ယခုနှစ်အတွင်းဆန်တန်ချိန် လေးသိန်းအထိတရားဝင်တင်ပို့နိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ''၂ဝ၁၇ ခုနှစ်တုန်းက တရုတ်နိုင်ငံကို ဆန်တန်ချိန်တစ်သန်း တရားဝင်တင်ပို့ခွင့် ရရှိခဲ့ပါတယ်။ ဒီနှစ်အတွက် ကိုတာစနစ်နဲ့ တင်ပို့နိုင်ဖို့ ဆွေးနွေးထားတဲ့ အဆင့်ပဲ ရှိပါသေးတယ် ''ဟု ဒေါ်ထက်ထက်ရှိန်ကပြောသည်။
-
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပသည့် The 2nd China Myanmar Economic Corridor Forumသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်၍နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ကျောက်ဖြူအထူး စီးပွားရေးဇုန်၊ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းနှင့် လယ်ယာထွက်ကုန် ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။
-
''ပြည်တွင်းက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့နဲ့ ဌာနဆိုင်ရာတွေ တရုတ်နိုင်ငံမှာ ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ကိုတာစနစ်နဲ့ တင်ပို့လို့ ရ၊ မရကို တရုတ်နိုင်ငံမှာရှိတဲ့ ဌာနတစ်ခုနဲ့ပဲ ဆွေးနွေးရသေးတယ်။အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်တဲ့ဌာနနဲ့ ဆက်သွယ်ပြီးတော့မှပဲ ပြန်ပြီးအကြောင်းပြန်မယ်လို့ သိခဲ့ရတယ်။ တိကျတဲ့အဖြေမရသေးဘူး '' ဟု ဒေါ်ထက်ထက်ရှိန် ကပြောသည်။
-
တရုတ်နိုင်ငံအနေဖြင့်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲများတရားဝင်တင်ပို့မှုကို အားပေးမည်ဖြစ်ပြီးတရားမဝင်တင်ပို့မှုများကိုထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့ကမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြန်မာနိုင်ငံမှထွက်ရှိသော ဆန်ကွဲကို မြန်မာနိုင်ငံမှ ရောင်းသူနှင့် တရုတ်နိုင်ငံမှ ဝယ်ယူသူတို့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး တရားဝင်လိုင်စင် လျှောက်ထား၍ အခွန်ပေးဆောင်ကာ ရောင်းဝယ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်၊ ဆန်ကွဲများနှင့် တရုတ်နိုင်ငံထွက်ကုန်ပစ္စည်းများ လဲလှယ်နိုင်ရေး ကူမင်းမြို့အခြေစိုက် ကုမ္ပဏီနှင့် အလွတ်သဘောတူညီမှု MoU ကို မတ်လအတွင်း ရေးထိုးနိုင်ရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment