Social Icons

Pages

Thursday, February 14, 2019

ပဲခူးတိုင်းဒေသကြီးရှိ တရားမဝင် စက်သုံးဆီ အရောင်းဆိုင်များကို ဥပဒေနှင့်အညီ မတ်လမှ စတင်၍ စီမံချက်ဖြင့် အရေးယူမည်

-
ပဲခူး ဖေဖော်ဝါရီ  ၁၃
-
ပဲခူးတိုင်းဒေသကြီးရှိ တရားမဝင် စက်သုံးဆီ  အရောင်းဆိုင်များကို မတ်လတွင် ဥပဒေနှင့်အညီ စီမံချက်ဖြင့် အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတ၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေးဝန်ကြီးထံမှ သိရသည်။ ပဲခူးတိုင်းဒေသကြီးရှိမြို့နယ်၂၈ မြို့နယ်၌ တရားဝင်ခွင့်ပြုချက်ဖြင့် ရောင်းချနေသောစက်သုံးဆီ အရောင်းဆိုင် ၂၅၂ ဆိုင်ကျော်ရှိပြီးယင်းတို့အနက် ရှစ်ဆိုင်မှာ တရားမဝင် စက်သုံးဆီဆိုင်အဖြစ် ကျန်ရှိနေသည်။
-
''ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ   တရားမဝင် စက်သုံးဆီဆိုင်တွေ ဖယ်ရှားရှင်းလင်းရေး စီမံချက်ရေးဆွဲပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒီတစ်ပတ်အစည်းအဝေးမှာတင်ပြပြီး မတ်လကစထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်တော့မှာပါ။တရားဝင်ဆီဆိုင်အဖြစ် ရောင်းချဖို့ကာလတစ်ခုထိစောင့်ဆိုင်းခဲ့ပါတယ်။ တရားဝင်လုပ်ကိုင်ထားခြင်းမရှိတဲ့ ဆိုင်တွေကို အရေးယူဆောင်ရွက်သွားမှာပါ''ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံ ဇာတ၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောသည်။ ''ကျွန်မတို့လည်း တစ်တိုင်းလုံးမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေကို လိုက်လံ စစ်ဆေးနေပါတယ်။ အချို့ဆိုင်တွေကိုအရေးယူဒဏ်ရိုက်တဲ့နေရာမှ မမျှတတာတွေ တွေ့ရပါတယ်။ ခွင့်ပြုမိန့်ရအောင်လုပ်ပေးရင်လုပ်ပေး၊ လုပ်ပေးလို့မရရင် ဥပဒေအရ အရေးယူ ဖယ်ရှားရမယ်၊ ဒါပဲရှိပါတယ်။ အခုဟာက ဒဏ်ငွေရိုက်တယ်။ ပြီးရင်ပြန်ရောင်းနေတယ်။ ထိရောက်အောင် အရေးယူတာတွေမရှိပါဘူး။ ဒါကြောင့်မို့ ကတိကဝတ်စာရင်းထဲက ပယ်ဖျက်လို့မရဘူး''ဟု တိုင်းဒေသကြီး လွှတ်တော်၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်လှလှဝင်းက ပြောသည်။
-
ပဲခူးတိုင်းဒေသကြီး   အစိုးရလက်ထက်အတွင်း ကားလမ်းဘေး ဝဲ၊ယာများ၌ တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များမှာ အများအားဖြင့်လယ်ယာမြေများပေါ်တွင် ဆောက်လုပ်ထားသဖြင့်လယ်ယာမြေကိုအခြားနည်းသုံးစွဲခွင့်၊  စက်သုံးဆီ ရောင်းချခွင့်တို့ကိုပြည်ထောင်စု အစိုးရထံ တင်ပြဆောင်ရွက်ရန် ကာလတစ်ခုအထိ  စောင့်ဆိုင်းရသော်လည်း ခွင့်ပြုပေးခြင်းမရှိသည့်အပြင် အရေးယူဆောင်ရွက်ခြင်းလည်းမရှိသဖြင့် ဒေသခံများအကြား  ဝေဖန်မှုများ ထွက်ပေါ်နေကြောင်းသိရသည်။
-
တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ၂ဝ၁၇ ခုနှစ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ-၃၇ အရ တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံးငွေကျပ်သုံးသိန်းမှ သိန်း ၅ဝ အထိ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင် ကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...