Social Icons

Pages

Tuesday, February 19, 2019

ကွန်ချောင်းရေ လှောင်တမံ ဆည်ရေဖြင့် နွေစပါး ၃၃၃၅ ဧက စိုက်ပျိုး ပြီးစီး

ကွန်ချောင်းရေ လှောင်တမံ ဆည်ရေဖြင့် နွေစပါး ၃၃၃၅ ဧက စိုက်ပျိုး ပြီးစီး
-
မြန်အောင် ဖေဖော်ဝါရီ ၁၈ 
-
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ ကွန်ချောင်းရေလှောင်တမံမှ ဆည်ရေဖြင့် ယခုအခါ နွေစပါး ၃၃၃၅ ဧကစိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ ကွန်ချောင်း ရေလှောင်တမံဆည်ရေဖြင့် ကြံခင်းမြို့နယ်အတွင်း နွေစပါးလျာထားဧက ၁၁၅၃ ဧကနှင့် မြန်အောင် မြို့နယ်အတွင်း နွေစပါးလျာထားဧက ၂၈၅ဝ ဧက စုစုပေါင်း လျာထားဧက ၄ဝဝ၃ ဧက ရှိသည့်အနက် ၃၃၃၅ ဧကကိုတူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ဆည်ရေပေးသွင်း စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်လင်းက ပြောသည်။
-
''ကွန်ချောင်းဆည်ရဲ့ စိစစ်ပြီးဧက တွေကတော့ နွေစပါးဧက ၁ဝဝဝဝ နဲ့ အခြားသီးနှံ ၄၆၈၇ ဧကဖြစ်ပါတယ်။ ဒီနှစ် နွေစပါးအတွက် ၄ဝဝ၃ ဧက လျာထားပေမယ့် ၄၃၆၈ ဧကအထိ ဆည်ရေ ဝင်ရောက်ပြီး ၃၃၃၅ ဧကအထိ စိုက်ပျိုးပြီး ဖြစ်တဲ့အတွက် ဒီနှစ်နွေစပါး လျာထားဧကထက် ပိုမိုစိုက်ပျိုးသွားနိုင်မှာ ဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုး ရေအတွက်လည်း ဆည်ထဲမှာ ဆည်ရေ ၇ဝ၇၇၅ ဧကပေအထိကျန်ရှိနေတဲ့အထဲမှ ၆၃၄၂၅ ဧက ပေအထိ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် နွေစပါး စိုက်ပျိုးရေအောင် ရေရရှိသည်အထိ လုံလုံ လောက်လောက် ပေးဝေနိုင်မှာ ဖြစ်ပါတယ်''ဟု မြန်အောင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်လင်းက ပြောသည်။ 
-
ယခုအခါ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ကွန်ချောင်းဆည် ရေသောက်စနစ် အတွင်းရှိ နွေစပါးစိုက် တောင်သူများအတွက်ဆည်ရေပေးဝေခြင်း လုပ်ငန်းများကို လူအင်အား၊ စက်အင်အားတို့ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိပြီး ဆောင်းသီးနှံ မတ်ပဲရိတ်သိမ်းပြီးသော တောင်သူများမှာလည်း ဆည်ရေ ဝင်ရောက်လာပြီး နွေစပါး စိုက်ပျိုးရန် ရာသီအချိန်မီသည့်အတွက် နွေစပါးများစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ကွန်ချောင်း ရေလှောင်တမံဆည်ရေဖြင့် ဒေသခံ တောင်သူများ မိုးစပါး၊ ဆောင်းသီးနှံ၊ နွေစပါးသုံးသီး စားအဖြစ် စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သိရသည်။ 
-
ဝင်းဗိုလ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...