Social Icons

Pages

Monday, January 7, 2019

ဖျာပုံမြို့နယ် ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး၍ ပြန်လည် ထူထောင်ရေး ကိစ္စများ စီစဉ် ဆောင်ရွက်ပေး

-
ဖျာပုံ    ဇန်နဝါရီ   ၆ 
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့ နံနက်ပိုင်းတွင် ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာ အုပ်စု ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူ များထံ သွားရောက်တွေ့ဆုံအားပေး၍ လိုအပ်သော ထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။ 
-
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စု ချောင်းဝကျေးရွာ၌  ဇန်နဝါရီ ၃ ရက်က မီးလောင် ကျွမ်းမှုကြောင့် နေအိမ် ၁၇၈ လုံး ပျက်စီးဆုံးရှုံး ခဲ့သည့်အခြေအနေများကိုသွားရောက်ကြည့်ရှု ပြီး မီးဘေးသင့်ခဲ့ ရသည့် အိမ်ထောင်စုများ အတွက် လတ်တလောစားသုံးရန် ဆန်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ကျောင်းသုံး စာအုပ်နှင့် စာရေးကိရိယာ၊ အိမ်ဆောက်ပစ္စည်း၊ အိမ်မိုးသွပ်နှင့် ဆိုလာမီးအိမ်များကို နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ထောက်ပံ့ ပေးရန်လာရောက်ခြင်းဖြစ်ကြောင်း၊ တစ်ဦးချင်းစီ၏လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေး ခြင်းဖြစ်ပြီး  ခံစားခွင့်ရရှိမည့်သူများ အပြည့်အဝခံစားရရှိရန်   ထိရောက်သောစီမံမှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ လူမှု ရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများ၊  ပုဂ္ဂလိကအလှူရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မီးဘေး သင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၈၂၈ဝဝဝဝ၊ အဘိုးအဘွား ၁၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၅၁ဝဝဝဝ၊ ကိုယ်ဝန်ဆောင် မိခင် ၁၂ ဦးအတွက် ထောက်ပံ့ငွေကျပ်  ၃၆ဝဝဝဝ၊ မိခင်ဝိုင်း တစ်ဝိုင်းအတွက် ထောက်ပံ့ ငွေကျပ် ၅၁ဝဝဝဝ၊ အိမ်ဆောက်ပစ္စည်းဝယ်ယူ ရန် ငွေကျပ် ၁၉၃၅ဝဝဝဝ၊ အိမ်မိုးသွပ် ၇၂ဝဝ ချပ်၊ ပြောင်သွပ် ၃၆ဝ ချပ်၊ အမျိုးသားလုံချည် ၃၇၅ ထည်၊ အမျိုးသမီးလုံချည် ၃၇၅ ထည်၊ ခြင်ထောင် ၇ဝ၈ လုံး၊ ချည်စောင် ၇ဝ၈ ထည်၊ ကျောင်းဝတ်စုံ ၁၅၄ စုံ၊ ဗလာစာအုပ် ၁၅၄ ဒါဇင်၊ ဆိုလာမီးအိမ်အလုံး ၂၅ဝ ၊ ပစ္စည်း ၁၆ မျိုးပါ မိသားစုသုံးကယ်ဆယ်ရေးပစ္စည်း ၁၇၈ ပုံးတို့ကို  ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ 
-
ယင်းနောက် ချောင်းဝကျေးရွာ သာသနာ့ တံခွန်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား သင်္ကန်းများနှင့်  လှူဖွယ် ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။ မီးဘေးသင့်ပြည်သူများ  ခေတ္တခိုလှုံရာသာသနာ့တံခွန်ဘုန်းတော်ကြီးကျောင်း၌ဖျာပုံမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦး စီး ဌာနကဦးဆောင်၍ပြည်သူ့ထံအရောက် ရွေ့လျားဝန်ဆောင်မှုအဖွဲ့က လိုအပ်သော  မီးဘေးသင့်ပြည်သူများ အတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့် ရေလုပ်သား သက်သေခံ ကတ်ပြားများကို အသစ်ပြန်လည် ဆောင်ရွက်  ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်း ဖွင့်လှစ်ပေးခြင်း၊ တပ်မတော်နယ်လှည့် အထူးကုဆေးခန်း ဖွင့်လှစ်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ 
-
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဖျာပုံမြို့နယ် သမိန်ထောကျေးရွာသို့ ရောက်ရှိကြပြီး    ကုန်းတန်း ဘုန်း တော်ကြီးကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံ၍လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဖြစ်သော သက်ကြီးရွယ်အိုများ အတွက် လူမှုရေးပင်စင်ပေးအပ်ခြင်း၊ မသန်စွမ်းသူများကိုထောက်ပံ့ခြင်း၊ မိခင်ဝိုင်း ငါးဝိုင်း ဖွင့်လှစ်ရန်အတွက် ငွေကြေးထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့သည်။ 
-
ထို့နောက် မိခင်ဝိုင်းများတွင် ကလေးများကို စနစ်တကျ လေ့ကျင့်သင်ကြား ပေးနိုင်ကြောင်း  လက်တွေ့ အမှိုက်စွန့်ပစ်ခြင်း သရုပ်ပြဆောင် ရွက်ခဲ့ပြီး  အာဟာရမုန့်များနှင့်   ကစားစရာအရုပ်များကိုဝေငှပေးခဲ့သည်။ အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး  ဒေါက်တာလှမြတ်သွေး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါကြကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...