Social Icons

Pages

Thursday, January 3, 2019

ဘုန်းတော်ကြီး ကျောင်းဆောင်နှင့် သိမ်ဘုရား ကျောင်းဆောင် တည်ဆောက်ရန် အလှူရှင်များ လိုအပ်

ဘုန်းတော်ကြီး ကျောင်းဆောင်နှင့် သိမ်ဘုရား ကျောင်းဆောင် တည်ဆောက်ရန် အလှူရှင်များ လိုအပ်
-
ညောင်ဦး ဇန်နဝါရီ  ၂ 
-
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောက်ညဥ့်ကျေးရွာအုပ်စု သဖန်းကုန်းကျေးရွာတွင် ဒေသခံကျေးလက်နေ ပြည်သူများ  ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်နှင့် ဘာသာရေး အလှူအတန်းပွဲများ ကျင်းပရာတွင် ဘုန်းတော်ကြီးကျောင်းနှင့် သိမ်ဘုရားကျောင်းဆောင်မရှိသည့်အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရ၍  ကျေးရွာအတွက် လိုအပ်နေသော ဘုန်းတော်ကြီး ကျောင်းဆောင်နှင့် သိမ်ဘုရား ကျောင်းဆောင်တို့ကို ဆောက်လုပ် လှူဒါန်းပေးမည့် အလှူရှင်အား မျှော်လင့်နေကြောင်း သိရသည်။ 
-
''ကျွန်တော်တို့ သဖန်းကုန်းကျေးရွာမှာ အောင်ဗောဓိဘုန်းတော်ကြီးကျောင်း ရှိပေမယ့် ဘုန်းတော်ကြီး ကျောင်းဆောင်နဲ့ သိမ်ဘုရားကျောင်းဆောင် မရှိပါဘူး။ ကျောင်းထိုင် ဆရာတော်လည်း ဘုန်းကြီးကျောင်းဆောင် မရှိတော့ ကျောင်းဝင်းထဲမှာရှိတဲ့ ဓမ္မာရုံလေးထဲမှာပဲ အဆင်ပြေသလို သီတင်းသုံးနေရပါတယ်။ ကျေးရွာအနေနဲ့ ဘုန်းကြီးကျောင်းဆောင်နဲ့ သိမ်ဘုရား ကျောင်းဆောင် ဆောက်လုပ်ဖို့အတွက် အိမ်ထောင်စုလူဦးရေကနည်းတော့ ငွေကြေးမတတ်နိုင်ဘူး ဖြစ်နေတယ်။ အခုရွာက ဘုန်းကြီးကျောင်းနဲ့ သိမ်ဘုရားကျောင်းဆောင် မရှိတော့  ဒေသခံပြည်သူတွေ ဘာသာရေး အလှူအတန်းပွဲများနဲ့ ဗုဒ္ဓပူဇနိယ ဘုရားပွဲတွေကျင်းပတဲ့အခါမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်''ဟု သဖန်းကုန်းကျေးရွာရာအိမ်မှူး ဦးမောင်ကြိုင်က ပြောသည်။ 
-
ညောင်ဦးမြို့နယ် အောက်ညဥ့်ကျေးရွာအုပ်စု သဖန်းကုန်းကျေးရွာတွင် အိမ်ထောင်စု ၈၉ စု လူဦးရေ ၄၂ဝ ခန့်ရှိပြီး ဒေသခံ ကျေးလက်နေ ပြည်သူများမှာ လယ်/ယာ၊ကိုင်း၊ကျွန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ အဆိုပါကျေးရွာ၌  ဘုန်းတော်ကြီး ကျောင်းဆောင်နှင့် သိမ်ဘုရား ကျောင်းဆောင်တို့ မရှိသည့်အတွက် အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက ဖုန်း-ဝ၉-၂၅ဝ၆၆၄၃ဝ၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...