
-
နေပြည်တော် ဒီဇင်ဘာ ၁၉
-
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်း အနားကို ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း Sport Complex Indoor Stadium ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ မိန့်ခွန်း ပြောကြားရာတွင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ ၁၉ ရက်အထိ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို အရှေ့တောင်အာရှ နိုင်ငံများအကြား အားကစားဖြင့် ချစ်ကြည်ရေးကို တိုးမြှင့်ခိုင်မာရန် ရည်ရွယ်ပြီး ''လူငယ်နှင့် ချစ်ကြည်ရေး (Youth and Friendship)'' ဆိုသည့် ဆောင်ပုဒ်အတိုင်း သန့်ရှင်းမျှတစွာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။
-
ရှေးဦးစွာ နိုင်ငံကျော် တေးသံရှင်များက ''မင်းသိနိုင်မလား''၊ ''အချစ်ဟာ''၊ ''တိုင်းရင်းသူ လေးကျွန်မ''၊ ''ဗျူဟာ''နှင့် ''သင့်အတွက် မနက်ဖြန်''သီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။ ဆက်လက်၍ အနုပညာဦးစီးဌာန အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များမှ အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ''မင်္ဂလာပါအာဆီယံ''၊ ''မြန်မာ့အလှ အကရေအလျဉ်'' နှင့် '' We are ASEAN'' သီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် အလံကိုင်အဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့က ဦးဆောင်၍ အားကစားနည်း အင်္ဂလိပ် အက္ခရာစဉ်အလိုက် အရှေ့တောင်အာရှနိုင်ငံများမှ အားကစားသမားများက ကွင်းအတွင်းသို့ ချီတက်နေရာ ယူကြသည်။
-
ထိုသို့ အားကစားသမားများ ကွင်းအတွင်း ချီတက်နေရာယူနေစဉ် အခမ်းအနား တင်ဆက်သူ မောင်မယ်များက အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမား အရေအတွက်နှင့် ချီးမြှင့်သည့် ရွှေတံဆိပ်ဆု အရေအတွက်များကို ကြေညာပေးသည်။ ယင်းနောက် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပိတ်ပွဲအခမ်းအနားဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားကောင်စီ ဥက္ကဋ္ဌ Prof. Dato Dr. Hassan Basri Bin Awang Mat Dahanက အမှာစကား ပြောကြားသည်။
-
ထို့နောက် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆက်လက် ပြောကြားရာတွင် ပြိုင်ပွဲကာလအတွင်း အရှေ့တောင်အာရှ တက္ကသိုလ် အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုများ ရရှိပြီး မိမိတို့၏ အားကစား စွမ်းရည်များကိုလည်း ဖော်ထုတ်ပြသနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ထို့ပြင် တက္ကသိုလ် အားကစားသမားများအကြား သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး၏ အချက်အလက်များနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းဆိုင်ရာများကိုလည်း အချင်းချင်း အပြန်အလှန် လေ့လာဖလှယ်ခွင့် ရရှိခဲ့မည်ဟု ယုံကြည်ကြောင်း။
-
အရှေ့တောင်အာရှ နိုင်ငံများအကြား နားလည်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးအတွက် ယဉ်ကျေးမှု ပေါင်းကူးတံတား တည်ဆောက်နိုင်သည့် အခွင့်အလမ်းကောင်းများလည်း ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံမှ တက္ကသိုလ်အားကစားသမားများ၏ အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည့် မြင်ကွင်းပုံရိပ်များသည်လည်း မိမိတို့အားလုံး၏ နှလုံးအိမ်တွင် ထာဝစဉ်စွဲထင်နေပြီ ဖြစ်ကြောင်း။
-
ပြိုင်ပွဲသို့ တက်ရောက်လာကြသော အရှေ့တောင်အာရှနိုင်ငံ အသီးသီးမှ ဧည့်သည်တော်များ၊ ပြိုင်ပွဲကို တရားမျှတစွာ အောင်မြင်အောင် ကျင်းပပေးခဲ့ကြသည့် International Technical Officers များနှင့် ဒိုင်/ဂျူရီများ၊ အားကစားစိတ်ဓာတ် အပြည့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများ၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများ၊ ချစ်ကြည်သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းဖြင့် နိုင်ငံ့ဂုဏ်ကို ကြိုးစားမြှင့်တင်ပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် အားကစားသမား မောင်မယ်များနှင့် အားပေးခဲ့ကြသော မိဘပြည်သူများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကြီးကို ပိတ်သိမ်းကြောင်း ကြေညာသည်။
-
ယင်းနောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားကောင်စီ(AUSC) အလံကို အလံတိုင်ထိပ်မှ လျှောချပြီး ဦးစီးကော်မတီ အတွင်းရေးမှူး၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားကောင်စီ အလံကို အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ကောင်စီဥက္ကဋ္ဌ Prof. Dato Dr. Hassan Basri Bin Awang Mat Dahan ထံ လွှဲပြောင်းပေးအပ်သည်။
-
ယင်းနောက် အလံကိုင်အဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် အရှေ့တောင်အာရှ နိုင်ငံများမှ အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ထို့နောက် အနုပညာဦးစီးဌာန အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှ အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ''ပြန်ဆုံမယ်''သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေ တင်ဆက်ကြပြီး ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
-
ပိတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားကောင်စီဥက္ကဋ္ဌ Prof. Dato Dr. Hassan Basri Bin Awang Mat Dahan နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကြည်မင်း၊ ဦးဝင်းမော်ထွန်းနှင့် ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြိုင်ပွဲဝင် နိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ဒိုင်ကော်မတီဥက္ကဋ္ဌများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များ၊ ပြိုင်ပွဲကို တရားမျှတစွာ ကျင်းပပေးခဲ့ကြသည့် International Technical Officers များနှင့် ဒိုင်/ဂျူရီများ၊ ပြိုင်ပွဲဝင်နိုင်ငံ အသီးသီးမှ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ မီဒီယာများ၊ စေတနာရှင် အလှူရှင်များ၊ အားကစားကို ချစ်မြတ်နိုးကြသည့် အားကစား ဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment