Social Icons

Pages

Friday, December 14, 2018

မော်လမြိုင်ကျွန်း မြို့နယ်၌ နွေစပါးဧက ၁၃ဝဝဝဝ ကျော် စိုက်ပျိုးရန် လျာထား

မော်လမြိုင်ကျွန်း မြို့နယ်၌ နွေစပါးဧက ၁၃ဝဝဝဝ ကျော် စိုက်ပျိုးရန် လျာထား
-
မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၃
-
၂ဝ၁၉  ခုနှစ်အတွင်း  ဧရာဝတီတိုင်း ဒေသကြီး  မော်လမြိုင်ကျွန်းမြို့နယ်၌  နွေစပါးဧက  ၁၃ဝဝဝဝ  ကျော်  စိုက်ပျိုးရန် လျာထားကြောင်း  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဌေးထံမှ သိရသည်။ ''လက်ရှိမှာ မိုးစပါးမျိုးစုံ စိုက်ဧက နှစ်သိန်းခွဲကျော်ကို စတင်ရိတ်သိမ်းနေပြီ ဖြစ်ပါတယ်။ရာသီဥတုအရ စပါးရိတ်သိမ်း ခြွေလှေ့နည်းပညာတွေကိုလည်း တောင်သူတွေနဲ့ ဆွေးနွေးပို့ချထားပါတယ်။စိုက်ပျိုးရေ အလုံအလောက် ရရှိတဲ့ပေါ် မူတည်ပြီး ရေပေးဝေနိုင်မှာပါ'' ဟု ဦးကျော်ဌေး ကပြောသည်။
-
လက်ရှိတွင်  မော်လမြိုင်ကျွန်းမြို့နယ် အတွင်း မိုးစပါးစိုက်ဧက ၂၅၂၁၁၇ ဧက ခန့်၊ နွေစပါးစိုက်ဧက ၁၃ဝဝဝဝ ကျော်ရှိပြီး သီးထပ်ရင်၊ ပေါ်ဆန်းရင်၊ ရက် ၉ဝ၊ ဆင်း သွယ်လတ်၊  ဆင်းသုခ  စသည့် စပါးမျိုးတို့ အစိုက်များကြောင်း သိရသည်။ ''လက်ရှိ စပါးဈေးကလည်းကောင်းနေတော့ နွေစပါးပိုစိုက်ဖို့ တောင်သူတွေ  မျှော်လင့်နေကြတယ်။ နွေစပါး ရာသီမရောက်ခင် မှာ  ရေတင်စီမံကိန်းတွေကလည်း  မြောင်းတွေ၊  ရေပိုလွှဲတွေ စစ်ဆေးပြုပြင်မယ်။ စက်ပိုင်းဆိုင်ရာတွေ  ကြိုတင်ပြင်ဆင်ပြီး  လုပ် ပေးမယ်ဆိုရင် စပါးစိုက်ပျိုးနိုင်မှာပါ''  ဟု  ဟင်္သာတမြို့နယ်ရှိ တောင်သူဦးမြင့်သိန်းက ပြောသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒေသဆိုင်ရာ ဆည်ရေသောက် စနစ်များအလိုက် နွေစပါးစိုက်ပျိုးမည့် လျာထားဧကများကို  သက်ဆိုင်ရာစိုက်ပျိုး  ရေးညှိနှိုင်းမှု အဖွဲ့များနှင့် ညှိနှိုင်းသတ်မှတ် အတည်ပြုပြီးလျှင် အဆိုပါလျာထား ဧကများ အပေါ် ဆည်ရေပေးဝေမည့် အစီအစဉ်များကို  ကြိုတင်စီစဉ်ထားရန်  လိုအပ်ကြောင်း သိရသည်။
-
ထို့ပြင်   စိုက်ပျိုးရေများ အလေအလွင့် မရှိစေရေး ဆောင်ရွက်ခြင်း၊ ရေပေးမြောင်းများ ကြီးကြပ်စီမံဆောင်ရွက်ခြင်း၊ ကုန်းတွင်း ရေဝင်ရောက်မှု မရှိခြင်း၊ ရေဝင်နည်းပါးခြင်း၊ နွေစပါးစိုက်ပျိုးရေ မပေးဝေနိုင်ပါက အကြောင်းရင်းကို   အသိပေးဖော်ပြသည့် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ရေစတင်ပေးဝေမည့်ရက်၊ ဆည်မြောင်း တာဝန်ခံတို့၏ ဆက် သွယ်ရမည့် ဖုန်းနံပါတ်များပါ ဆိုင်းဘုတ်များ ထူထောင်ခြင်းနှင့် သက်ဆိုင်ရာ တာဝန်ခံများက ကွင်းဆင်းရှင်းလင်း ဆွေးနွေးအသိပေးခြင်း လုပ်ငန်းတို့ကို  တိတိကျကျ လုပ်ဆောင်ရန် လိုအပ်သည်။
-
လက်ရှိ ဧရာဝတီတိုင်းဒေသကြီး၌ လယ်မြေဧက ၃၇ သိန်း၊ ယာမြေဧက ခြောက် သောင်း၊ ကိုင်းကျွန်းဧက ၂ ဒသမ ၅ သိန်း၊ ဥယျာဉ်ခြံဧက  လေးသိန်းနှင့်  ပဲစိုက်ဧက ၁၆ သိန်းကျော် ရှိကြောင်း သိရသည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...