Social Icons

Pages

Tuesday, December 18, 2018

လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် သမ္မတက နိုင်ငံတော် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းနိုင်ရေးနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေး

လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် သမ္မတက နိုင်ငံတော် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းနိုင်ရေးနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေး
-
နေပြည်တော်  ဒီဇင်ဘာ ၁၇
-
၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် နိုင်ငံတော်သမ္မတက နိုင်ငံတော် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
-
အစည်းအဝေးတွင် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ၂ဝ၁၈  ခုနှစ် လွတ်လပ်ရေးနေ့တွင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည့် သူရဘွဲ့ရရှိသူနှစ်ဦးကို နိုင်ငံတော်သမ္မတက ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အခမ်းအနားဖြင့်ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်၍ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီး ဗဟိုကော်မတီအဖွဲ့ဝင်  ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာ တာဝန်များအား ခွဲဝေဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သည့်အတွက် လုံခြုံရေးအပါအဝင် ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းများကို စနစ်တကျကြိုတင် ပြင်ဆင်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ အကြံဉာဏ်ကောင်းများ ပေးခြင်းဖြင့် ဝိုင်းဝန်းတာဝန်ယူ ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်းပြောကြားသည်။
-
ထို့နောက် တက်ရောက်လာကြသည့် အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မည့် အခြေအနေများအား ဝိုင်းဝန်း ဆွေးနွေးကြသည်။ အခမ်းအနားသို့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...