-
ရန်ကုန် ဒီဇင်ဘာ ၁၇
-
ဈေးနှုန်းကျဆင်းပြီး ဆန်ထားရှိမည့် ဂိုဒေါင်နေရာ အခက်အခဲကြောင့် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ပြီးခဲ့သည့် တစ်ပတ်ကထက် ဆန်အဝင် သုံးပုံတစ်ပုံခန့် လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။ ပြီးခဲ့သည့်တစ်ပတ်က ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေ တစ်သိန်းခွဲကျော် ဝင်ရောက်ခဲ့ရာ ဝယ်လက်နည်းပါးသည့်အတွက် ဈေးနှုန်းကျဆင်းလာပြီး ယနေ့တွင် ဆန်အိတ်ရေ တစ်သိန်းဝန်းကျင်သာ ဝင်ရောက်ကြောင်း သိရသည်။
-
''အရင်တစ်ပတ်ကတော့ အဝင်များပါတယ်။ အဓိကကတော့ နေရာအခက်အခဲနဲ့ ငွေကျပ်လို့ပေါ့။ ဒီနေ့ ဈေးချလိုက်တော့ နည်းနည်းအဝင်နည်းတယ်'' ဟု ဦးသန်းဦး ကပြောသည်။ လတ်တလောတွင် ဈေးကွက်အတွင်း၂၅ မှတ် ဆန်ဝယ်ယူသည့် ကိုယ်စားလှယ် ငါးဦးခန့်သာရှိပြီး ရောင်းလိုအား များနေကာ ဂိုဒေါင်တစ်ခု၌ ကားအစီးရေ ၃ဝဝ ခန့်၌ပါလာသည့် ဆန်အိတ်များကို သုံးရက်နီးပါး ကြာသည် အထိ ပစ္စည်းချနေရကြောင်း သိရသည်။
-
''လက်ရှိ ပင်လယ်ရေကြောင်းကနေ တင်ပို့တဲ့ ကုန်သည်ကတော့ ဈေးပိုပေးစရာ အခြေအနေ မရှိသေးပါဘူး။ ဝယ်တော့ဝယ်တယ်။ ကုန်တွေအဝင်များတော့ ကုန်လှောင်ရုံတွေက နေရာအခက်အခဲဖြစ်နေတယ်။ တစ်နိုင်ငံလုံးက၂၅ မှတ်ဆန်တွေ ရန်ကုန်ဈေးကွက်ကို ဝင်နေတာဆိုတော့ ဝယ်သူက လေး၊ ငါးဦးပဲရှိတဲ့အတွက် ဝယ်သူတွေလည်း မနိုင်ဘူးဖြစ်နေတာပေါ့'' ဟု ဦးသန်းဦး ကပြောသည်။ ယနေ့တွင် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၉ဝဝဝ သာဈေးနှုန်းရှိပြီး တစ်အိတ်လျှင် ငွေကျပ် ၅ဝဝ အထိ ဈေးနှုန်း ကျဆင်းလာကာ ၁၅ မှတ်နှင့် ၅ မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ် ၂၂ဝဝဝ သာ ဈေးနှုန်းရှိနေပြီး ပုံမှန် အတိုင်းသာ ရှိနေကြောင်း သိရသည်။
-
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်စုံမှ ၂၅ မှတ်၊ ၁၅ မှတ်နှင့် ၅ မှတ်ဆန်များ ဝင်ရောက်လျက် ရှိပြီး ၂၅ မှတ်ဆန်များကို ပင်လယ်ရေကြောင်းမှ တစ်ဆင့် နိုင်ငံစုံသို့ တင်ပို့နေကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment