Social Icons

Pages

Wednesday, December 12, 2018

ရော်ဘာတန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် မုဒုံရော်ဘာ စီးတီး တည်ဆောက်မည်

ရော်ဘာတန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် မုဒုံရော်ဘာ စီးတီး တည်ဆောက်မည်
-
မုဒုံ  ဒီဇင်ဘာ  ၁၁ 
-
ရော်ဘာနှင့် ပတ်သက်သည့်   တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် စက်ရုံများ ပါရှိသော မုဒုံရော်ဘာစီးတီးကို မွန်ပြည်နယ် မုဒုံမြို့နယ်၌   လာမည့်နှစ်အတွင်း  တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်စိုးထံမှ သိရသည်။ လတ်တလောတွင် ကုန်ကြမ်းအဖြစ် တင်ပို့လျက်ရှိရာ  ဈေးရရှိမှု နည်းပါးသည့်အတွက် အဆင့်မြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရန် မုဒုံမြို့နယ်ရှိ  စိုက်ပျိုးရေးဦးစီးဌာနပိုင်  မြေ  ၃၆၈ ဒသမ  ၂၇  ဧက၌ ရော်ဘာစီးတီး တည်ထောင်ရန် စီစဉ်နေခြင်းဖြစ်ပြီး  ရင်းနှီးမြှုပ်နှံလိုသည့်  ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်းသိရသည်။
-
''လျှောက်လွှာတွေကရောက်နေပြီ။   ဒီပေါ်မှာမူတည်ပြီးတော့   ဆောင်ရွက်ပါမယ်။ မကြာခင်စတော့မှာပါ။  စက်ရုံအကြီး  အသေးပေါ်မူတည်ပြီးတော့ခြောက်လ၊  တစ်နှစ်အတွင်း တည်ဆောက်မှာပါ''  ဟု ဦးကြည်စိုး ကပြောသည်။ အဆိုပါစီမံကိန်းအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားရာ  ပြည်တွင်း လုပ်ငန်းရှင်များအား   တစ်ဧကလျှင် ပျမ်းမျှ  ငွေကျပ် ငါးသိန်းဖြင့် ငှားရမ်းနိုင်ရန်လျာထားကာ  ပြည်ပကုမ္ပဏီများကို ဈေးနှုန်းတစ်ခု သတ်မှတ် ထားကြောင်း သိရသည်။
-
လတ်တလောတွင် လျှပ်စစ်မီးနှင့် ပတ်သက်၍ ဘိုင်အိုဂက်စ် ကုမ္ပဏီတစ်ခုက ဆက်သွယ်ထားပြီး  ရေရရှိရေးအတွက် ယင်းဧရိယာအတွင်းရှိ  ချောင်းမြောင်းများကို ဆည်ဖြစ်စေ၊ ကန်ဖြစ်စေ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ''ရော်ဘာစီးတီးဆိုတာကတော့ ရော်ဘာနဲ့ ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေ ထုတ်လုပ်နိုင်တဲ့ဇုန်ပါ။ ကမ္ဘာ့ဈေးကွက်မှာ ဈေးကျရင်လည်း ပြည်တွင်းဇုန်က ပြန်ဝယ်နေတော့ တောင်သူတွေ ဈေးကောင်းရနိုင်ပြီး အထောက်အကူပြု မှာပါ''ဟု ဦးကြည်စိုး ကပြောသည်။   ထို့ပြင်  ငါးဧကကွက်ကို  တစ်ယူနစ် အဖြစ် သတ်မှတ်ရန် လျာထားရာ ဧက ၃ဝဝ ကို ယူနစ် ၆ဝ အဖြစ်လျာထားကာ  ကျန်ဧကများကို  အဆောက်အအုံများ  တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...