-
ရန်ကုန် ဒီဇင်ဘာ ၁၇
-
ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ကျရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော် များကို ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)က ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်) အတွင်းရေးမှူး ဦးမန်းသန်းဝင်းဦး ထံမှသိရသည်။
-
ကရင်နှစ်သစ်ကူး ပွဲတော်တွင် ဒုံးအကပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ ဝါးထောက်၊ ဝါးညှပ်အကများ၊ ကရင်ရိုးရာ တေးသီချင်း ဖျော်ဖြေပွဲများ၊ ရိုးရာအသုံးအဆောင် ပစ္စည်းပြခန်းများ၊ ယဉ်ကျေးမှုပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ရိုးရာအစားအစာ အရောင်းဆိုင်များ ထည့်သွင်း ကျင်းပလေ့ရှိပြီး ယခုနှစ်ထူးခြားမှု အနေဖြင့် မဟာဆေးဝင်္ဂပါ အာလိန်ငါးဆင့်ကျောင်း၌ ကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်ပြန်ကြားရေး ပြခန်း၌ အင်္ဂလိပ်-မြန်မာ-စကောကရင်-ပိုးကရင် အဘိဓာန်စာအုပ်နှင့် ပြုစုရေးသားလျက်ရှိသော ကရင်အမျိုးသား သမိုင်းစာအုပ်တို့ကို ပြသသွားမည်ဖြစ်သည်။
-
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကရင်တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်သာမက ပြည်ပနိုင်ငံများတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည့် ရှေးကရင်မိဘ ဘိုးဘွားများ ကောက်ပဲသီးနှံ ရိတ်သိမ်းသည့် နွေဦးကာလတွင် မိသားစုလိုက် ကောက်သစ်စားပွဲတော်များ စုပေါင်း၍ ပျော်ရွှင်စွာကျင်းပကြရာမှ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို နှစ်စဉ်ကျင်းပခဲ့သည်။
-
''မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဟာ ကောက်သစ်စားပွဲကနေ ဖြစ်တည်လာတဲ့ နှစ်သစ်ကူးဖြစ်တဲ့အတွက် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံး ကျွန်တော်တို့ရဲ့နှစ်သစ်ကူးမှာ အတူတကွလာရောက်ပြီးတော့ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါတယ်လို့ ဖိတ်ခေါ်ပါတယ်''ဟု ဦးမန်းသန်းဝင်းဦးကပြောသည်။
-
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ကရင်တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ မပျောက်ပျက်စေရန်နှင့် ပိုမိုထွန်းကား လာစေရေး၊ လူငယ်များအနေဖြင့် ကရင်ရိုးရာ ယဉ်ကျေးမှုများကို မြတ်နိုးထိန်းသိမ်း တတ်လာစေရေးတို့အတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မဟာဆေးဝင်္ဂပါအာလိန်ငါးဆင့်ကျောင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရား၊ အလုံမြို့နယ် ကရင်ခြံ၊ သာကေတမြို့နယ် တိုင်းရင်းသား ကျေးရွာနှင့် လှိုင်သာယာမြို့နယ်တို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး အခြားမြို့နယ်/ရပ်ကွက်/ ကျေးရွာများတွင်လည်း ဒေသအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment