Social Icons

Pages

Tuesday, December 11, 2018

လှည်းတန်းလမ်းဆုံမှ လမ်းလယ်ကျွန်းကို မြေပြင်အလှအပများဖြင့် မွမ်းမံပြင်ဆင်

လှည်းတန်းလမ်းဆုံမှ လမ်းလယ်ကျွန်းကို မြေပြင်အလှအပများဖြင့် မွမ်းမံပြင်ဆင်
-
ရန်ကုန် ဒီဇင်ဘာ ၁ဝ
-
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံ၌ လမ်းလယ်ကျွန်းကို မြေပြင် အလှအပများဖြင့် ပြန်လည်ပြင်ဆင် လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

''နဂိုရှိနေတဲ့ မြေကြီးတွေကို ပြန်ဖဲ့ထုတ်ပြီး ပေါင်တွေကို အသစ်ပြန်လုပ်တာပါ။ အရင်ပေါင် တွေက အမြင့်ကြီးဖြစ်ပြီး မြေကြီးတွေ အများကြီးစုပုံနေတယ်။ အဲဒီမြေကြီးတွေကို ပြန်ဖယ်ထုတ်ပြီး ပေါင်ကို ပြေပြေလေးဖြစ်အောင် ပြန်ပြင်တယ်။ ပြီးတော့ မြေပြင်ရှုခင်း အလှအပ တွေနဲ့ ပြုပြင်ဆောင်ရွက်ပေးနေပါတယ်'' ဟု မြေရှုခင်းအလှ ပြင်ဆင်ရေး လုပ်ငန်းခွင်မှ တာဝန် ရှိသူတစ်ဦး ကပြောသည်။
-
အဆိုပါ ပြင်ဆင်မှုကို ယခုလအတွင်း ပြီးစီးရန် စီစဉ်နေပြီး ရန်ကုန်မြို့ရှိ အဝိုင်းများတွင်လည်း အလှမြက်ခင်းပြင်များ ဖြည့်စွက်ခြင်း၊ ရောင်စုံပန်းပင်များ ဖြည့်စွက်ခြင်းနှင့် မြေပြင်ရှုခင်းများ ပြင်ဆင်ခြင်းတို့ကို အဆိုင်းလိုက်ခွဲကာ လုပ်ဆောင်နေကြောင်း သိရသည်။
-
''မြက်ခင်းတုကွင်းတွေမှာသုံးတဲ့ မြက်လိုမျိုး နိုင်ငံခြား မြက်အနုတွေနဲ့ ပြန်စိုက်သွားမယ်။ အဲဒီ အတွက် ရန်ကုန်တက္ကသိုလ် ဘက်အခြမ်းမှာ ပေါင်အသစ်လုပ်ပြီး သလောက်ဖြစ်နေပြီ'' ဟု ၎င်းကပြောသည်။
-
ထိုသို့ လုပ်ဆောင်ခြင်းကြောင့် မြင်တွေ့ရသူအဖို့ ဆန်းပြားကာ တင့်တယ်သည့် မြင်ကွင်း မျိုးဖြစ်လာစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင် အထည်ဖော် နေခြင်းဖြစ်ကြောင်း သိရသည်။
-
ထက်ခိုင်(စမ်းချောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...