
-
ရေစကြို ဒီဇင်ဘာ ၁၇
-
ဧရာဝတီမြစ်ဝှမ်းဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမှ ကူညီပံ့ပိုးမှုဖြင့် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သောင်တူးဌာနမှ သောင်တူးစက်ကြီးဖြင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဗလဗကျေးရွာအုပ်စု ဗလဗကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ရေလမ်းကြောင်း လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။
-
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ရေစကြိုမြို့နယ် ဗလဗကျေးရွာ၌ ၂ဝ၁၆ မှ ၂ဝ၁၈ ခုနှစ်အထိ သုံးနှစ်အတွင်း အိမ်ထောင်စု၉၈ စုပြောင်းခဲ့ရပြီး ဉာတိကာရုံကျောင်းတိုက်ဝင်းရှိ သိမ်ကျောင်းဆောင် တစ်ဆောင်၊ ရွှေဘုံသာ မြတ်စွာဘုရားကြီး (ဓမ္မရံသီ)အနီးမှ သံဖြင့်ဆောက်လုပ်ထားသည့် တန်ဆောင်းတော် တစ်ဆောင်၊ အုတ်တန်ဆောင်းတော် တစ်ဆောင်၊ ဉာတိကာရုံကျောင်းတော်ကြီးနှင့် အိမ်ခြေ ၁၇ဝ မီးပေးနိုင်သည့် မီးစက်ကြီးထားသော အဆောက်အအုံတို့ကို ရေစကြိုမြို့နယ် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ စသည်တို့က ကမ်းပါးတိုက်စား ပြိုကျမှုအတွင်း မပါဝင်စေရန် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ယင်းအပြင် ရေအရင်းအမြစ်နှင့်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဉာတိကာရုံ ကျောင်းတိုက်ဝင်းရှိ ဓမ္မရံသီ(ခေါ်) ရွှေဘုံသာမြတ်စွာဘုရားကြီး မြစ်မခစေရေး မြစ်ကမ်းပါးတစ်လျှောက် Poly Felt အစများ ခင်းခြင်းကြောင့်သာ မြစ်ကမ်းပါးပြိုကျမှု အထိုက်အလျောက် ထိန်းသိမ်းနိုင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ဘဏ်မှ အကူအညီပေးမှုဖြင့် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သောင်တူးဌာနက သောင်တူးစက် စက်ယန္တရားကြီးများဖြင့် သောင်ထွန်းနေသော ဗလဗကျေးရွာ မြစ်တစ်ဖက်ကမ်းဘက်မှ သဲသောင်များကို သြဂုတ်လမှ စတင်သောင်တူးလာခဲ့ရာ နှစ်ဆယ်ရာခိုင်နှုန်းကျော် ရေစီးကြောင်း ပြောင်းလဲပေးနိုင်ပြီဖြစ်သည်။
-
ထို့ပြင် ရွာဘက်ခြမ်းမြစ်ကမ်းပါး ပြိုကျတိုက်စားမှု အရှိန်လျော့ကျစေရန် သဲသောင်ကို ဖြတ်ဖောက်ပြီး မြစ်ရေစီးကြောင်း လွှဲပေးနေပြီး BD-3 မြစ်ကြမ်းပြင်တူး မြေတူးစက်ဖြင့် တူးဖော်ပြီး မြေသယ်ရေယာဉ်ဖြင့် မြေများသယ်ယူကာ ရွာဘက်ခြမ်း ရေစီးသန်သော ရေလမ်းကြောင်းမှ သဲများချကာ မြစ်ရေစီးကြောင်း ပြောင်းလဲစေရန် ပြုလုပ်ပေးနေရသည်။ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီပထမပတ်တွင် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းမှ ဓမ္မရံသီ(ရွှေဘုံသာ) မြတ်စွာဘုရားကြီး အထက်အောက်ပေ ၃၂ဝ အတွင်း ကွန်ကရစ်ပိုင်တိုင်များ စိုက်ထူပြီး ကွန်ကရစ်ကျောက်ရိုးစီခြင်း၊ အထက်ဘက်တွင် မျောတိုင်များကာရံကာ မျောရေကာတာ တည်ဆောက်မည် ဖြစ်ကြောင်း၊ သောင်တူးရေယာဉ်၊ မြေတူးရေယာဉ်၊ မြေသယ်ရေယာဉ်များဖြင့် သောင်တူးဌာနမှ ဝန်ထမ်း ၁၅ ဦးက မြစ်ကမ်းပါး တိုက်စားပြိုကျမှု သက်သာစေရေး ဧရာဝတီမြစ်ရေစီးကြောင်း ပြောင်းလဲ စီးဆင်းစေရန် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment