-
မြောက်ဦး ဒီဇင်ဘာ ၁၇
-
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းသည် ရခိုင်ပြည်နယ် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ကိုးသောင်းပုထိုးတော်၊ လက်ဆည်ကန် ရေတံခါး နှင့် ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ဒီဇင်ဘာ ၁၅ ရက်တွင် လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
-
ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဒုတိယ ဝန်ကြီး ဦးကြည်မင်းသည် မြောက်ဦးမြို့ ကမ္ဘာ့ အမွေအနှစ် စီမံခန့်ခွဲရေးရုံး၌ ကျင်းပသည့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်နိုင်ရေးအတွက် Nomination Dossier ရေးဆွဲရေး၊ ရေအရင်း အမြစ် သုတေသန လုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်းပညာရှင်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
-
အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းက မြောက်ဦးဒေသကို UNESCO နှင့် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ၏ အကြံပြုမှုနှင့်အညီ ကောင်းမွန်စနစ်ကျသည့် စီမံခန့်ခွဲမှု စနစ်ဖြင့်အဆင့်အမြင့်ဆုံး ကာကွယ်စောင့်ရှောက် နိုင်မည်ဖြစ်ကြောင်း၊ ဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ ဒေသခံများ အကျိုးစီးပွား တိုးတက်ရရှိရေး ကို ညီမျှစွာ ဆောင်ရွက်နိုင်ရန်လည်း လိုကြောင်း၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ပြည်တွင်း ပြည်ပမှပညာရှင်များ၊ ဌာနဆိုင်ရာ များ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ အမွေအနှစ် ချစ်မြတ်နိုးသူများ ပူးပေါင်းပါဝင်ကြသည့် အပြင် UNESCO နှင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အီတလီနိုင်ငံတို့မှ ပူးပေါင်း ကူညီဆောင်ရွက် ပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ကြောင်း၊ မြောက်ဦးဒေသ ကို ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ရောက်ရေး လုပ်ငန်းများ အထောက်အပံ့ ဖြစ်ရန်အတွက် သက်ဆိုင်ရာ ကော်မတီများ၊ အဖွဲ့ဝင်များအနေဖြင့် အကြံပြုဆွေးနွေး ကြစေလိုကြောင်း ပြော ကြားသည်။
-
ထို့နောက် ပြည်ပပညာရှင်များဖြစ်သည့် Ms. Shikhan Jain, Mr. Kai Weise နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မြောက်ဦးဌာနခွဲ ညွှန်ကြားရေးမှူးတို့က မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်ရေး ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြကြသည်။ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်တွင် ခင်းကျင်းပြသမှုနှင့် ရှေးဟောင်း အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြား ကြောင်း သိရသည်။
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment