
-
နေပြည်တော် ဒီဇင်ဘာ ၁၆
-
Shwe Taung Foundation က (၁ဝ၃)ကျောင်းမြောက် ဆောက်လုပ်လှူဒါန်းသည့် တစ်ထပ်ကျောင်း ဆောင်သစ် အဆောက်အအုံ ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဝက်ထီးကန် တိုက်နယ် အင်းလျားကျေးရွာ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် ဖွင့်လှစ်သည်။ ရှေးဦးစွာ ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ ပဲခူးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်ဌေး၊ Shwe Taung Foundation မှ ဦးအောင်သန်း၊ ပြည်မြို့နယ် ဒုတိယခရိုင် အုပ်ချုပ် ရေးမှူး ဦးစိုးသန်းဦးနှင့် ဝက်ထီးကန်တိုက် နယ်ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်စိုးတို့က ကျောင်းဆောင်သစ် ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ Shwe Taung Foundation မှနာယက ဦးအိုက်ထွန်းနှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်ဖွင့်ပွဲ ကမ္ပည်းကျောက်စာအား အမွှေးနံ့ သာရည်များ ပက်ဖျန်းကြသည်။
-
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာန အနေဖြင့် ပြည်သူများ၏ လိုအပ်ချက် အတွက် ကျောင်းများဖွင့်လှစ်ပေးခြင်း၊ ကျောင်းအဆင့် တိုးများ ဖွင့်လှစ်ပေးခြင်း၊ ဆရာ၊ ဆရာမများ၊ ပရိဘောဂ ပစ္စည်းများ၊ စာကြည့်တိုက်များ၊ အားကစား ပစ္စည်းများ စသည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ များနှင့် ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် အလယ် တန်း ကျောင်းခွဲ တွင် ပေ ၆ဝ x ပေ ၃ဝ တစ်ထပ်ကျောင်းဆောင်ကို Shwe Taung Foundation က ဆောက်လုပ် လှူဒါန်းပေးခြင်း ဖြစ်ကြောင်း၊ အခြေခံ ပညာကဏ္ဍတွင် ပြီးခဲ့သည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်စာရင်း များအရ ကျောင်းဆောင်ပေါင်း ၄၄၁၂၉ လိုအပ်လျက်ရှိကြောင်း၊ ၂ဝ၁၈- ၂ဝ၁၉ အောက်တိုဘာလမှ စက်တင်ဘာလ အထိ ဘဏ္ဍာရေးနှစ်အရ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခွင့်ပြုချက် အရ အဆောက်အအုံ စုစုပေါင်း ၄၇၉၉ ခွင့်ပြုရရှိပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံလိုအပ်သည့်ကျောင်းဆောင်များကို ပုဂ္ဂလိက ကဏ္ဍက ပူးပေါင်း လှူဒါန်းပေး သည့်အတွက် တန်ဖိုးထား မှတ်တမ်းတင် ဂုဏ်ပြုကြောင်း၊ အဓိက အရေးကြီးသည့် အချက်သည် တိုင်းဒေသ ကြီး အစိုးရအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းမှသာ အမှန်တကယ် လိုအပ်သည့် နေရာများတွင် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းအဆင့်တိုး ဆောင်ရွက်ရန် ကျောင်းသားဦးရေပြည့်မီမှု သို့မဟုတ် မြေပြန့်ဒေသဖြစ်ပါက ၃ မိုင်ရှိရမည်ဖြစ်ပြီး သွားရေးလာရေးခက်ခဲသောနေရာဖြစ်ပါက ၂ မိုင်ရှိရမည်ဖြစ်ကာ ပြည်သူများ၏ လိုအပ်ချက်များ အပေါ်မူတည်၍ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီး ဌာန အနေဖြင့် ပြည်သူများ၏ လိုအပ် ချက်ကို အတတ်နိုင်ဆုံးဖြည့် ဆည်း ဆောင် ရွက်ပေး လျက်ရှိပြီး အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
-
ယင်းနောက် Shwe Taung Foundation မှနာယက ဦးအိုက်ထွန်းက ကျောင်းဆောင်သစ်ဆောက် လုပ်လှူဒါန်း ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တီမောနိုင်ငံမှ သံအမတ်ကြီးက ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားသည်။ ထို့နောက် သံအမတ်ကြီးများ၊ အလှူရှင်များက ကျောင်းသုံးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ မြို့နယ် ပညာရေးမှူး ဒေါက်တာမာမာဇင်နှင့် ဝက်ထီးကန်တိုက်နယ် ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်စိုး တို့က ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။ ယင်းနောက် အုပ်ချုပ်ရေးမှူး ဦးအောင်ငွေနှင့် ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်စိုးတို့က ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment