Pages

Tuesday, December 18, 2018

အခြေခံစားသောက်ကုန် ပဲ နှမ်း ဆီတို့၏ တစ်ပတ်အတွင်း ဈေးကွက်သုံးသပ်ချက်

အခြေခံစားသောက်ကုန် ပဲ နှမ်း ဆီတို့၏ တစ်ပတ်အတွင်း ဈေးကွက်သုံးသပ်ချက်
အခြေခံစားသောက်ကုန် ပဲ နှမ်း ဆီတို့၏ တစ်ပတ်အတွင်း ဈေးကွက်သုံးသပ်ချက်
-
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျ တည်ငြိမ်မှုမရှိတာကို တွေ့ရပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ ပြောင်းလဲနေတဲ့ မူဝါဒတချို့ကြောင့် ပဲဈေးနှုန်းတွေလည်း တည်ငြိမ်မှု မရှိသလို ပြည်တွင်းမှာလည်း ငွေလဲလှယ်မှု အတက်အကျတွေကြောင့် ပဲဈေးက မှန်းမရအောင် ဖြစ်နေ ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံကနေ ပဲမျိုးစုံ တင်ပို့နိုင်ရေးအတွက် သီးသန့် ကိုတာ (Quota) ခွင့်ပြုဖို့ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍတွေမှာ အကူအညီပေးရေးတို့ အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့ကို ဆွေးနွေး ခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုနဲ့ ပတ်သက်ပြီး တောင်သူတွေ အနေနဲ့လည်း မျှော်လင့်ချက်ရှိလာသလို ငွေလဲလှယ် နှုန်းဈေးတွေကလည်း ပြန်တက် လာတဲ့အတွက် ပြီးခဲ့တဲ့ တစ်ပတ်က ရုတ်တရက် ကျဆင်းသွားတဲ့ ပဲဈေးကလည်း အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ လက်ရှိမှာ ပဲဝယ်ယူမှုကတော့ ပုံမှန်ရှိနေပြီး နယ်ကုန်စည်ဒိုင်တွေမှာလည်း ပဲအသစ်တွေ ပေါ်လာတဲ့အတွက် ဈေးကတော့ အတက်အကျ ရှိနေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဈေးကျ ဆင်းခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးပြန်တက်လာပြီး တစ်တန်ကို ငွေကျပ် ရှစ်သိန်း ကျော်အထိ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ငွေကျပ် ၂၄ဝဝဝ ရှိပြီး ငွေကျပ် ၅ဝဝ ကျဆင်းသွားပါ တယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ငွေကျပ် ၂၆ဝဝဝ ရှိပြီး ငွေကျပ် ၂ဝဝဝ ကျဆင်း သွားပါတယ်။
-
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာလည်း ဈေးကျဆင်း သွားပါတယ်။ အဟောင်းတွေသာ အရောင်း အဝယ်ဖြစ်နေပြီး ကွန်တိန်နာ အနည်းငယ်သာ ပြည်ပကို တင်ပို့နေတာ ဖြစ်ပါတယ်။ တချို့ ရက်တွေမှာ ဈေးကွက်မဖွင့်တာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ပဲဈေးရုတ်တရက် ကျဆင်းခဲ့ပြီး ဒီတစ်ပတ်ငွေဈေး ပြန်တက်လာခဲ့ပေမယ့် ပဲဈေးကတော့ တက်လာတာ မတွေ့ရဘဲ ထပ်ပြီး ဈေးကျဆင်း သွားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုကြောင့် အထွက်နှုန်း ကျဆင်းနိုင်တဲ့အတွက် ပဲစင်းငုံနီက ဈေးတက်နိုင်ခြေရှိတယ် လို့ သုံးသပ်ထားတဲ့အတွက် တောင်သူတွေကလည်း ပဲစင်းငုံနီကို ထုတ်ရောင်းတာ မတွေ့ဘဲ တက်ဈေးကို ဆက်စောင့်နေတာလည်း ရှိပါတယ်။ တချို့တောင်သူတွေကတော့ ဒီထက်ဈေး ကျဆင်းသွားမှာ စိုးရိမ်တဲ့အတွက် ရတဲ့ဈေးနဲ့ ထုတ်ရောင်းနေပါတယ်။ တောင်သူ အများစုကတော့ ဈေးကျချိန်မှာ ကုန်သည်တွေ ဈေးကစားတာဖြစ်တယ်လို့ မှတ်ချက် ပြုကြပါတယ်။ လက်ရှိမှာ မူဝါဒမတည်ငြိမ်မှုနဲ့ ငွေဈေး မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်း ပဲဈေးတွေလည်း မတည်ငြိမ်တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ ပဲစင်းငုံနီက ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ငွေကျပ် လေးသောင်းလောက် ကျဆင်း သွားပြီး ငွေကျပ် ၇၅ဝဝဝဝ နဲ့ တင်ပို့မှုရှိပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ငွေကျပ်၂၃၅ဝဝ နဲ့ ဈေးငြိမ်နေပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာ တစ်တင်းကို ငွေကျပ်၂၅၃ဝဝ ပေါက်ဈေးရှိပြီး တစ်တင်းကို ငွေကျပ် ၆ဝဝ ဈေးကျဆင်း သွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ တော့ တစ်တင်းကို ငွေကျပ် ၂၄ဝဝဝ နဲ့ ငွေကျပ် ၁ဝဝဝ ဈေး ကျဆင်းသွားပါတယ်။
-
ပဲတီစိမ်း
ပဲတီစိမ်းကတော့ တခြားပဲတွေ ဈေးကျနေပေမယ့် တရုတ်နိုင်ငံက လက်ရှိအများအပြား ဝယ်ယူ နေတဲ့အတွက် ဈေးတက်နေတာ တွေ့ရပါတယ်။ ပဲတီစိမ်းကို တရုတ်နိုင်ငံ က ပုံမှန် ဝယ်ယူနေတဲ့အတွက် ငွေဈေး အပြောင်းအလဲဖြစ်ပေမယ့် ဈေးနှုန်းသိသိသာ သာကျဆင်းတာ မျိုးမရှိပါဘူး။ မုံရွာဈေးကွက်မှာ ပဲတီစိမ်း(ကြီး၊ သေး)က တစ်တင်းကို ငွေကျပ် ၂၉၅ဝဝ ကနေ ငွေကျပ် ၃၃ဝဝဝ ပေါက်ဈေးရှိပြီး ငွေကျပ် ၂ဝဝဝ ကျော် ဈေးတက်လာပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်မှာ တော့ တစ်တင်းကို ငွေကျပ် ၂၈ဝဝဝ ရှိပြီး ငွေကျပ် ၁ဝဝဝ ဈေးတက်လာပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ငွေကျပ် ၃၂ဝဝဝ ရှိပြီး ငွေကျပ် ၅ဝဝ ဈေးတက်လာပါ တယ်။ နေပြည်တော်မှာလည်း တစ်တင်းကို ငွေကျပ် ၃၆၆ဝဝ နဲ့ ငွေကျပ် ၁၇ဝဝ ဈေးတက် လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ငွေကျပ် ၃၅၅ဝဝ နဲ့ ငွေကျပ် ၅ဝဝ ဈေးတက်လာပါတယ်။
-
စားအုန်းဆီ
စားအုန်းဆီကတော့ ဆက်တိုက်ဈေး ကျဆင်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်လအတွင်း တစ်ပိဿာကို ငွေကျပ် ၂ဝဝ နီးပါးဈေး ကျဆင်းခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့စားအုန်းဆီတင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာပါ ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ စားအုန်းဆီကို ဇီဝလောင်စာမှာ အသုံးပြုနေတာဖြစ်တဲ့အတွက် စားအုန်းဆီဈေး ကျဆင်းမှု ကလည်း ရေနံစိမ်းအပေါ်မှာ များစွာ မူတည်နေပါတယ်။ ဒါ့ပြင် စားအုန်းဆီနဲ့အပြိုင် တခြား ဟင်းသီးဟင်းရွက် ဆီ၊ ပဲပုပ်ဆီတို့နဲ့လည်း ဈေးကွက်ဝေစုခွဲယူ နေရတဲ့အတွက် စားအုန်းဆီက မထင်မှတ် လောက်အောင် ဈေးကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ စားအုန်းဆီက ပြည်ပမှာ သာမက ပြည်တွင်းမှာပါ ဈေးကျဆင်းနေတာဖြစ်ပါတယ်။ ပြည်ပကနေ အများအပြား ဝင်ရောက်နေတဲ့ ဆီတွေကြောင့် စားအုန်းဆီစားသုံးမှု လျော့ကျ နေပြီး ဈေးလည်း ကျဆင်းနေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တစ်ပိဿာကို ငွေကျပ် ၁၆ဝ၅ ကျပ်၊ နေပြည်တော် ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ငွေကျပ် ၁၈ဝဝ နဲ့ ဈေးငြိမ်နေပြီး ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ငွေကျပ် ၁၅၇ဝ နဲ့ ၁ဝ ကျပ်၊ ပြည်ကုန်စည် ဒိုင်မှာတော့ တစ်ပိဿာကို ငွေကျပ် ၁၅၃၅ ကျပ် နဲ့ ၆၅ ကျပ် ဈေးကျဆင်း သွားခဲ့ပါတယ်။
-
နှမ်းမျိုးစုံ
ဒီတစ်ပတ်မှာတော့ နှမ်းမျိုးစုံက ဈေး အတက်အကျ တည်ငြိမ်မှုမရှိပါဘူး။ နှမ်း အသစ်တွေ လည်း ဝင်လာပြီဖြစ်တဲ့အတွက် အဟောင်းလက်ကျန်တွေ မရှိသလောက် နည်းသွားပါပြီ။ တရုတ် အဝယ် ပုံမှန်ရှိနေတဲ့အတွက် အရောင်းအဝယ်က လက်ရှိမှာ ပုံမှန်ရှိနေပါတယ်။ နှမ်းဖြူ မန္တလေးဈေးကွက်မှာ နှမ်းဖြူက တစ်အိတ်ကို ငွေကျပ် ၁၆၆ဝဝဝ ကနေ ငွေကျပ် ၁၆၄ဝဝဝ အထိ ဈေးကျဆင်း ခဲ့ပါတယ်။ တစ်ပတ်အတွင်း တစ်အိတ်ကို ငွေကျပ် ၂ဝဝဝ နီးပါး ဈေးကျ ဆင်းသွားပါတယ်။ နှမ်းနက် နှမ်းနက်ကလည်း အလားတူပါပဲ။ တစ်အိတ်ကို ငွေကျပ် နှစ်သိန်းရှိပြီး တစ်ပတ်အတွင်း တစ်အိတ်ကို ငွေကျပ် နှစ်သောင်း နီးပါး ဈေးကျဆင်း သွားပါတယ်။ နှမ်းနက်(စမုန်) နှမ်းနက်(စမုန်)ကလည်း ဈေးကျဆင်းသွားပါတယ်။ တစ်အိတ်ကို ငွေကျပ် ၁ဝဝဝဝ ကျော် ဈေးကျဆင်းသွားပြီး လက်ရှိမှာ တစ်အိတ်ကို ငွေကျပ် နှစ်သိန်းကနေ ငွေ ကျပ် ၂၃ဝဝဝဝ ကျော်ရှိနေပါတယ်။
-
ဝတ်ရည်မွန်(AMIA)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment