ရှုပ်ထွေးသောလောကအတွင်း လူအချင်းချင်းအလိမ်အညာတွေက များလှသည်။
-
ယခုရက်ပိုင်းအတွင်းကြားသိရသော သတင်းတစ်ပုဒ်တွင် မြန်မာနိုင်ငံရောက် နိုင်ငံခြားသားနှစ်ဦးတို့က မြန်မာနိုင်ငံသားထံမှ ငွေကျပ်သိန်း ၄ဝ လိမ်လည်ရယူသွားသည်ကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)၌ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။
-
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ဈေးသစ်ရပ်ကွက်နေ မြန်မာတစ်ဦးသည် မေ ၁၆ ရက်မွန်းတည့် ၁၂ နာရီတွင် စမ်းချောင်းမြို့နယ် မြေနီကုန်းစင်တာ(၂)ကားရှော့ဘားဆိုင်၌ မော်တော်ယာဉ်ပြုပြင်နေစဉ် ကင်မရွန်းနိုင်ငံသားနှစ်ဦးရောက်ရှိလာပြီး ¤င်း၏ မော်တော်ယာဉ်ကိုဝယ်ယူလိုကြောင်းပြောသဖြင့် ဆက်သွယ်ရန်ဖုန်းနံပါတ်ပေးခဲ့သည်။ နောက်တစ်နေ့ မေ ၁၇ ရက်တွင် ¤င်း၏နေအိမ်သို့ နိုင်ငံခြားသားနှစ်ဦးရောက်ရှိ
လာပြီး ကားအရောင်းအဝယ်ကိစ္စပြောကြစဉ် မရောင်းလိုကြောင်းပြောဆိုရာ နိုင်ငံခြားသားနှစ်ဦးက နေအိမ်ခြံပတ်ဝန်းကျင်ကိုကြည့်၍ စူပါမားကတ်ဖွင့်လိုကြောင်း၊ အကျိုးအမြတ်ကို တစ်ဝက်စီခွဲဝေယူကြမည်ဖြစ်ကြောင်းနှင့် ¤င်းတို့၏ဒေါ်လာငွေများမှာယူပြီးပါက ဆက်သွယ်မည်ပြောပြီး ပြန်သွားကြသည်။
-
နိုင်ငံခြားသားနှစ်ဦးသည် မေ ၂၇ ရက်တွင် ၎င်းတို့မှာထားသောငွေများရပြီဖြစ်၍ သင်္ဘောဆိပ်သို့လာကြိုရန် ဖုန်းဆက်အကြောင်းကြားသဖြင့် မြန်မာနိုင်ငံသားက သွားကြိုလိုက်သည်။ နိုင်ငံခြားသားနှစ်ဦးက ၎င်းတို့ယူဆောင်လာသည့် လက်ဆွဲသေတ္တာကိုဖွင့်၍ ဆေးဖြင့်စီမံထားသည့် အမေရိကန်အလံတံဆိပ်ပါအထုပ်များမှ ငွေစက္ကူငါးရွက်ကိုယူလိုက်သည်။ ထို့နောက် ဖန်ပုလင်းထဲမှ ဆေးစက်အနည်းငယ်ကို ရေတွင်ထည့်ပြီး စက္ကူများကိုဆေးစိမ်ပြရာ စက္ကူများမှာ အမေရိကန်ဒေါ်လာ ၁ဝဝ တန်များဖြစ်နေကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံသားက ထပ်မံပြသရန်ပြောသောအခါ ပုလင်းထဲရှိဆေးများမှာခဲနေသဖြင့် ၎င်းတို့သံရုံးနှင့် ချိတ်ဆက်မှာယူရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ယူဆောင်လာသော
အိတ်ကိုသိမ်းထားရန်ပြောပြီး ပြန်လည်ထွက်ခွာသွားကြသည်။
-
နိုင်ငံခြားသားနှစ်ဦးက တယ်လီဖုန်းဖြင့်ဆက်သွယ်၍ ဆေးရည်ကို အမေရိကန်သံရုံး၌ အခွန်ဆောင်ပြီးမှ မှာယူရမည်ဖြစ်ကြောင်းပြောသဖြင့် အမေရိကန်ဒေါ်လာ ၃၂ဝဝ နှင့် တန်ဖိုးညီမျှသော မြန်မာငွေကျပ် သိန်း ၄ဝ ကို ဒလသင်္ဘောဆိပ်၌ မြန်မာနိုင်ငံသားကပေးအပ်လိုက်ပြီးနောက်ပိုင်း အဆိုပါနိုင်ငံခြားသားနှစ်ဦးမှာ ပြန်လည်ဆက်သွယ်ခြင်းမရှိတော့ပေ။
-
ထို့ကြောင့် မြန်မာနိုင်ငံသားက ဒလမြို့မရဲစခန်းသို့ အောက်တိုဘာ ၁၄ ရက်တွင် လာရောက်၍ ကင်မရွန်းနိုင်ငံသားနှစ်ဦးအား အရေးယူပေးပါရန် တိုင်ကြားသဖြင့် ဒလမြို့မရဲစခန်းက (ပ)၈၅၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂ဝ/၄၈၉-ဃ ဖြင့် အမှုဖွင့်ထားသည်။ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီက ဗန်ကောက်လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့လိုက်ပါမည့်ခရီးသည်များကို မန္တလေးအပြည်ပြည်ဆိုင်ရာ
လေဆိပ်(တံတားဦး)ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနကောင်တာ၌ လုပ်ထုံးလုပ်နည်းအတိုင်းစိစစ်ရာ ပြည်ပထွက်ခွာခွင့်တားဆီးရန် ညွှန်ကြားထားသော
အမည်မည်းစာရင်းဝင် ကင်မရွန်းနိုင်ငံသားနှစ်ဦးအားတွေ့ရှိသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတာဝန်ရှိသူက လေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
-
လူ့အဖွဲ့အစည်းအတွင်း ရိုးသားကြိုးစားကြသူအများစုရှိကြသော်လည်း လောဘကိုတားဆီးနိုင်သူအရေအတွက် သိပ်မများကြခြင်းသည် လူလိမ်လူညာတို့အတွက် အခွင့်ကောင်းတစ်ခုလိုဖြစ်နေရသည်။ အထက်ပါဖြစ်စဉ်ကို ပြန်လည်ကြည့်ရှုမည်ဆိုပါက မြန်မာနိုင်ငံသားနှင့် ကင်မရွန်းနိုင်ငံသားနှစ်ဦးတို့သည် ကားဝပ်ရှော့ခ်ဆိုင်၌ တစ်ကြိမ်၊ မြန်မာနိုင်ငံသားအိမ်၌တွေ့ဆုံကြစဉ် ကားအရောင်းအဝယ်ကိစ္စနှင့် စူပါမားကတ်ဖွင့်မည့်
ကိစ္စပြောဆိုကြစဉ် တစ်ကြိမ်၊ သင်္ဘောဆိပ်သို့သွားကြိုစဉ် ကားပေါ်၌ယုံအောင်ပြော၍ နည်းပညာအကူအညီဖြင့် ယုန်ရုပ်ရေးပြသည်ကို မြင်ရစဉ်ကလည်း အိမ်မှာပင်စကားလက်ဆုံကျသည်က တစ်ကြိမ်၊ ဒလသင်္ဘောဆိပ်၌ ငွေသွားပေးစဉ်ကတစ်ကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံကြသည်။
-
ဤသို့အကြိမ်ကြိမ်တွေ့ဆုံကြရာတွင် ယုံလွယ်သူ၏စိတ်ကို မက်လုံးဖြင့်ဆွဲဆောင်လိုက်သောအခါ လောဘစိတ်ကြောင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ပျောက်ကွယ်သွားသည်မှာ ပါးနပ်သောလူလိမ်လူညာတို့အတွက် အချိန်ကောင်းအခွင့်ထူးဖြစ်သွားသည်။
-
အထက်တွင်ဖော်ပြခဲ့သောဖြစ်စဉ်အရ အောင်မြင်ကြီးပွားတိုးတက်လိုသူတို့အနေဖြင့် သာမန်လူတို့နည်းတူ အရာရာကို အမှုမဲ့အမှတ်မဲ့သဘောထားတတ်သောဓလေ့စရိုက်ကို
ပယ်ဖျောက်ကြရမည်ဖြစ်သည်။ လတ်တလောတွေ့မြင်ရသောအကျိုးကိုသာမကြည့်ဘဲ အကြောင်းတရားကို ရှာဖွေတတ်ရမည်။ အတွေးအခေါ်ပညာရှင်တို့၏ အဆိုအမိန့်များမှ ကောက်နုတ်တင်ပြရသော် လူသည်လောကကို အောင်နိုင်ရေးထက် မိမိကိုယ်မိမိအောင်နိုင်ရေးသာ ပဓာနဖြစ်သည်ဟုဆိုထားကြလေရာ သတိတရားလက်ကိုင်ထား၍ ပိုင်းခြားဝေဖန်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း မြဝတီကစေတနာကောင်းဖြင့် တိုက်တွန်း
နှိုးဆော်လိုက်ရပါသည်။
-
အယ်ဒီတာ့အာဘော်
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment