Social Icons

Pages

Tuesday, September 25, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်



ရန်ကုန် ၂၅-၉-၂ဝ၁၈

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်- ပဲခူး လမ်းမကြီး မြရတနာလမ်းနှင့် မိုင်တိုင်အမှတ် (၆/၂) ကြား ကားလမ်းနံဘေး၌ ပြုလုပ်သည်။ ''ဒီနေ့ပြုလုပ်တဲ့ ပွဲကတော့ လှည်းကူးမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့တွေ ပူးပေါင်းပြီး တပ်မတော်ကို ထောက်ခံခြင်းနဲ့ ပြင်ပစွက်ဖက် လုပ်ဆောင်မှုတွေကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာပဲ ဖြစ်ပါတယ်။ 

လက်ရှိအခြေအနေမှာမြန်မာ့ တပ်မတော်ကို နိုင်ငံတကာနဲ့ ပြည်ပမီဒီယာတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ပြစ်တင်ပုတ်ခတ် ဝေဖန်ပြောဆိုနေတာတွေကို ဘယ်အဖွဲ့အစည်းရဲ့တိုက်တွန်းချက်မှ မပါဘဲ တပ်မတော်ရဲ့ အရန်အင်အားဖြစ်တဲ့ ကျွန်တော်တို့ စစ်မှုထမ်းဟောင်း အဖွဲ့တွေက နိုင်ငံနဲ့လူမျိုး အပေါ် ဒို့တာဝန်အရေးသုံးပါးနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်ရဲ့ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို အကြွင်းမဲ့ ယုံကြည်လို့ တပ်မတော်ထောက်ခံပွဲ ပြုလုပ် ရခြင်းဖြစ်ပါတယ်'' ဟု လှည်းကူးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီး အေးမြင့်(ငြိမ်း) ကပြောသည်။ 

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် လှည်းကူးမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၂ဝဝ ဦးက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်း အလံများနှင့်အတူ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော် အင်အား ချိုးနှိမ်မှုမှန်သမျှကို လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှတသော တစ် ဖက်သတ် အစီရင်ခံစာတို့ကို လုံးဝလက်မခံပါ၊ ပြည်သူကိုချစ်သော၊ ပြည်သူက ချစ်သော တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေးဟု သံပြိုင်သီဆို၍ ငြိမ်းချမ်းစွာ မတ်တတ်ရပ်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များအလိုက် တပ်မတော် ထောက်ခံပွဲများကို ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း ယခုအကြိမ်အပါအဝင် ၄၁ ကြိမ်ဖြစ်ကာ အင်အား ၅၈၈၈၈၅ ဦးဖြစ်ပြီး ထောက်ခံပွဲများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...