Social Icons

Pages

Tuesday, September 4, 2018

ရေဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ ရထားစီးခရီးသည်များကို ရေတာရှည်မြို့ဘူတာနှင့် ဆွာမြို့ဘူတာကြား တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်


တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

တပ်မတော်မှ City Bus မော်တော်ယာဉ်များဖြင့် ခရီးသည်များနှင့် ဝန်ထမ်းများအား ပို့ဆောင်ပေးစဉ်။

တပ်မတော်သားများက အခြေခံပညာမူလတန်းလွန်ကျောင်း၌ ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများကိုသန့်ရှင်းရေး ပြုလုပ်ပေးစဉ်။

နေပြည်တော် ၄-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁ဝ) ရပ်ကွက်ရှိ အုတ်ကျွတ္တန်း အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ရေဘေးရှောင်ပြည်သူများကို ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ရေဘေးရှောင်ပြည်သူ ၁၈၅ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာရှစ်ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် ရေတိုက်စားမှုကြောင့် ရထားစီးခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈စီးဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထား ခရီးစဉ်အမှတ်(၃)မှ ခရီးသည်၃၁၅ဦးနှင့် ရထားဝန်ထမ်းဦးရေ ၂ဝ၊ မန္တလေး-ရန်ကုန် အစုန်ရထားခရီးစဉ် အမှတ်(၄)မှ ခရီးသည် ၃၅၈ဦးနှင့် ရထားဝန်ထမ်း ၁ဝဦးတို့ကို လည်းကောင်း၊ နေ့လယ်ပိုင်းတွင် စရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထား ခရီးစဉ်အမှတ် (၁၁)မှ ခရီးသည် ၂၈၁ဦးနှင့် ရထားဝန်ထမ်း ၁ဝဦး၊ မန္တလေး-ရန်ကုန် အစုန်ရထားခရီးစဉ်အမှတ်(၁၂)မှ ခရီးသည် ၂၅၅ဦးနှင့် ရထားဝန်ထမ်း ၁ဝဦးတို့ကို လည်းကောင်း ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ ဘူတာတို့ကြား အပြန်အလှန် ပို့ဆောင်ပေးသည်။

ထို့ပြင် ရေတာရှည်မြို့နယ် မှန်စီကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်း၌ ရေဝင်ရောက်ခဲ့မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ အမှိုက်များ၊ သစ်ပင်သစ်ကိုင်းများနှင့် ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း ကျောင်းသား၊ ကျောင်းသူများ လတ်တလော အသုံးပြုနိုင်ရန် လမ်းများပြုပြင်ပေးခြင်းနှင့် ကျောင်းဝင်းအတွင်း၊ အပြင်သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို တောင်ငူတပ်နယ်နှင့် ရေတာရှည် တပ်နယ်တို့မှ တပ်မ တော်သားများက စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...