Social Icons

Pages

Thursday, August 9, 2018

အလွန်အကျွံ


ဆောင်းပါး ၉-၈-၂ဝ၁၈

ရှေးမြန်မာကြီးများ၊ ပညာရှင်များ၊ အတွေ့အကြုံ ရင့်သန်သူများသည် စကားလုံးဝေါဟာရ၊ အပြောအဆိုကို အကြောင်းမဲ့မသုံး။ အမှုမဲ့ အမှတ်မဲ့ မရှိ။ တန်ဖိုးရှိရှိ လေးလေးနက်နက်ဖြစ်အောင် ထားရှိတတ် ကြပေသည်။ ဆရာဇော်ဂျီတို့ခေတ်က ယူသော်ရတန်ကောင်း၏ ဆိုသော စကားရပ်က အတော်ပင်ယဉ်ပါးပေသည်။ နှစ်သက်ဖွယ်လည်းဖြစ်၏။ အမြင်အတွေ့ကြားသိ မှတ်သားတတ်ခြင်းက တစ်ဆင့် သင်ခန်းစာယူကြ စေလိုသည့် သဘောပါဝင်၏။ အယူအဆရေးရာ၌ အမြင်ကျယ်ကျယ် အတွေးနက်နက် ဖြစ်စေလိုသော သဘောရှိမည်ထင်၏။ 

သို့ဖြစ်ရာ စာတစ်အုပ် ပေတစ်ဖွဲ့ ရေးမိဖတ်မိလျှင် ရနိုင်သောအကျိုးဆက်အတွက် သင့်၊ မသင့် ချင့်ချိန်ဝေဖန်ပိုင်းခြား နှလုံးသွင်းတတ်ခြင်းကို ဖော်ဆောင်နိုင်ပေသည်။ မကြာခဏ ကြုံတွေ့ရသော ဖြစ်စဉ်ကြီးငယ်မှ ဘဝပေးအသိတွေယူတတ် ဖို့ဖြစ်သည်။ ကြောင်းကျိုးယှက်နွှယ် အဓိပ္ပာယ်ပါသော အားထုတ်မှု၊ ဖဝါးခြေထပ်လိုက်ပါသင့်ကြောင်း ညွှန်ပြမှု လည်းသက်ဝင်၏။ သတိနှင့်အသိ တွဲဖက်ရသော နိစ္စဓူဝကိစ္စဖြစ်ပါ၏။

၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကား အောင်မြင်စွာ ပြီးစီးခဲ့လေပြီ။ ကမ္ဘာ့ထိပ်တန်း စာရင်းဝင် နိုင်ငံကိုယ်စားပြု အသင်းများ သူ့ထက်ငါကောင်း ကြိုးစားယှဉ်ပြိုင်ကြသည်။ အနိုင်အရှုံးတွေအကြား သဲသဲမဲမဲ ဖြစ်ကြသည်။ အရှုံးကိုမလွဲမကင်းသာ လက်ခံရသည့်အသင်း၊ အချို့ထပ်ဆင့် ဝေဖန်ချိုးနှိမ် အပြစ်ဒဏ်ခံကြရသည်။ တကယ့်အောင်နိုင်သော ချန်ပီယံဆုရ ပြင်သစ်အသင်းကား အောင်ပွဲခံခွင့်ရပေသည်။ ရုရှားနိုင်ငံမှ အိမ်အပြန်ခရီး မျက်နှာပန်းလှ၏။ ပြင်သစ်နိုင်ငံသားများ ကျေနပ်ပျော်ရွှင် ဂုဏ်ယူကြသည်။

၁၉၉၈ ခုနှစ်က ချန်ပီယံဖြစ်ခဲ့ဖူးပြီး ယခုနှစ်၂ဝ ကြာမှ ပြန်လည်ဖြစ်ခွင့်ရခြင်းအတွက် ထူးခြားစွာ ဂုဏ်ယူကြသည်။ အောင်ပွဲခံရာတွင် မြို့ကြီးပြကြီးများ၌ ကျော်ကြားလှ၏။ ပဲရစ်၊ လိုင်ယွန်ကဲ့သို့သောမြို့ကြီးများတွင် အလွန်အကျွံ ရွှင်မြူးကြပေရာ နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသည်။ ဆိုးသွမ်း လူငယ်များကလည်း လမ်းပေါ်တွင် ရမ်းကားကြ၊ ဆိုင်များကိုလုယက် ကြဖြစ်ရသည်။ အရေးယူ ခံရသူတွေက မနည်း။ ပျော်ရွှင်ခွင့်၊ ဂုဏ်ယူခွင့်ရှိပါ၏။ သို့သော် အရမ်းမဲ့ အလွန်အကျွံ ပြုမူသဖြင့် အနိဋ္ဌာရုံများဖြစ်ရသည်။ သင့်တင့်သော ဂုဏ်ယူပီတိအတွက် သာဖြစ်သင့်။ ယခုတော့ ကမ္ဘာ့အောင်ပွဲကြီး ဆင်နွှဲခွင့်ရသော်လည်း လူလုံးမလှဖြစ်ကြရပါ၏။ သင်ခန်းစာ ယူသင့်ပေသည်။ ယူတတ်လျှင် ရသည့်သင်ခန်းစာ ကောင်းဖြစ်လေသည်။

ကမ္ဘာတစ်လွှား လောကီဘုံသား လောကသားတို့သည် အမှားအယွင်းမကင်းကြ။ အလွန်အကျွံပြောဆိုပြုမူ ဆက်ဆံလုပ်ကြံ တွေးတော ဆောင်ကြဉ်းမှုတွေ ရှိတတ်ကြသည်။ ပုထုဇဉ်လူသားများ၏ အမူအကျင့်ဟု ဆိုရန်ရှိ၏။ ထို့ကြောင့် လွန်ကဲခြင်းမရှိအောင် ထိန်းကျောင်းသည့် ကျင့်ဝတ်တွေ၊ တာဝန်တွေ၊ ဝတ္တရားတွေ ပြဋ္ဌာန်းထားခြင်းဖြစ်၏။ သာမန်အတိုင်းအတာအထိ ခွင့်လွှတ်သည်းခံ နိုင်သော်လည်း အလွန်အကျွံကြီးကြီးမားမား လုပ်ရပ်အတွက် ခွင့်မလွှတ်နိုင်။ ထိုက်တန်သည့် ပေးဆပ်မှုတွေ ပြုကြရသည့် သာဓကများ အထင်အရှားပေါများ လှပေသည်။

လူ့သဘာဝသည် သာမန်အားဖြင့် အတ္တဟိတ-မိမိအကျိုးစီးပွားကို ဆောင်ရွက်ခြင်း၊ ပရဟိတ-အများအကျိုးကို သယ်ပိုးရွက်ဆောင်ခြင်းနှင့် လွတ်လပ်လိုခြင်း တို့ဖြစ်၏။ သာမန်လုပ်ရိုးလုပ်စဉ် ဤသုံးပါးက ဘာမျှပြောဆိုစရာ မရှိသော်လည်း နယ်ကျွံလာပါက ရိုက်ခတ်မှုဖြစ်လာသည်။ ဥပမာအတ္တလွန်ကဲမှုသည် မမျှတသော သရုပ်သကန်ဖြစ်လာ တတ်ပေရာ ထိခိုက်စေ၏။

နယ်ကျွံသောမိမိ၏ လွတ်လပ်မှုသည် တစ်ပါးသူကို ထိခိုက်နိုင်စရာရှိကြောင်း သတိမူသင့် လေသည်။ လူတစ်ဦးချင်းစီကို စိုးမိုးပေသော ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးကို စောင့်ထိန်းရာတွင် မျှတဖို့ဖြစ်၏။ ရုပ်ပိုင်းစိတ်ပိုင်း ဘဝနှစ်မျိုးစလုံးဖြစ်၏။ ကောင်းမြတ် သင့်လျော်သည့်ဘက်၌ လွန်ကျွံပါက လက်ခံနိုင် လက်ခံရမည်ဖြစ်သော်၊ မသင့်သော နှလုံးသွင်းမှုဖြင့် အလွန်အကျွံပြုမူ ပြောဆိုပါက အဆုံးသတ်မကောင်း ရှိတတ်ချေသည်။

အင်းဝခေတ်စာဆို ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစကားများစွာတွင် နှုတ်လွန်သူများ အပါယ်လားလိမ့်ဟု ဆိုပါ၏။ အပြောလွယ်၊ ကတိပေးလွယ်၊ လွန်လွန်ကဲကဲပြောဆို နှုတ်လွန်သူများကို သတိပေးခြင်း ဖြစ်လေသည်။နှုတ်ကြောင့်ကြေ၊ လက်ကြောင့်သေ ဟူသောသြဝါဒကို ရှေးလူကြီးများက မကြာခဏ သွန်သင်လေ့ရှိပေသည်။ နှုတ်နှင့်လက်လွန် ကျွံမှုရလဒ်ကား ဆိုးကျိုးဘက်ဦးတည်သည်မှာ ထင်ရှားလေသည်။

ဖြစ်စဉ်ဖြစ်ရပ်အခြေခံ သဘောလက္ခဏာကို ဖွေရှာသင့်ပေ၏။ လူတို့တွင် ကိန်းအောင်းပေသော လောဘ၊ ဒေါသ၊ မောဟတရားများ လွန်ကဲမှုကြောင့်ဟု ဆိုချင်၏။ လမ်းညွှန် သဘောတရားတစ်ခုတွင် လူသည် လောဘ၊ဒေါသ၊ မောဟသိပ် မကြီးသင့်ကြောင်း ဆိုထားပေ၏။ ရှိသင့်သည့်လောဘ၊ ဒေါသ၊ မောဟကို လက်ခံနိုင်သော်လည်း အလွန်အမင်း ဖြစ်လာပါက အမှားကမ္ဘာသို့ ဦးတည်သွားပေသည်။

သိမ်းဆည်း နိုင်စွမ်းရှိဖို့ ထိန်းကျောင်းသင့်ပေသည်။ ခေတ်အမြင်ခေတ် အတွေးဖြင့် ဥပမာပြုရပါက မူးယစ်ဆေးအစ ဆေးလိပ်ကဟု ဆိုပေသည်။ မပြောပလောက်သည့် အမူအကျင့်မှ အရှည်အကြာသုံးစွဲရင်း ဘိန်းဖြူ သုံးစွဲသည် အထိဖြစ်လာပါက ဘိန်းဖြူသမား အမှားကမ္ဘာဆိုရ လောက်သည်အထိ ဖြစ်နိုင်ပါ၏။ အသေးအဖွဲမှ အလွန်အကျွံပတ်သက် လာခြင်းဆိုးကျိုးဖြစ်၏။

မျက်မှောက်ကမ္ဘာတွင် လူတစ်ဦးချင်းစီမှ နိုင်ငံအချင်းချင်းအထိ ကြုံတွေ့ရသော ပြဿနာများ၊ ပဋိပက္ခများ၊ မှုခင်းများသည် လွန်ကဲသော လောဘ၊ ဒေါသများကြောင့်ဖြစ်၏။ နယ်စပ်ဖြတ်ကျော် မှုခင်းဖြစ်သော မူးယစ်ဆေးဝါး ဂိုဏ်းများ၏ လှုပ်ရှားမှုသည် လောဘကို အတောမသတ် နိုင်မှုဖြစ်၏။ ဒေါသကို မသိမ်းဆည်းနိုင် အလွန်အကျွံပြုမူမှု ဒဏ်ကိုခံစားရသော ပြစ်မှုတွေများလှ၏။ အလွယ်တကူ အလွန်အကျွံ ပြောဆိုမှုသည် နေရာစုံတွင် တွေ့ရ၏။ စီးပွားရေး၊ လူမှုရေးကိစ္စများတွင် နေ့စဉ်ကြုံတွေ့ရ၏။ တစ်ချိန်က ခေတ်စားခဲ့သော ဝိသမလောဘ သမားများဟူသော ဝေါဟာရသည် စီးပွားရေးသားကောင်များဟု ဆိုချင်၏။ ကြမ်းကျွံလျှင် နုတ်၍ရ၏။ နှုတ်ကျွံလျှင် နုတ်၍မရဟူသော နီတိစကားသည် ကျင့်သုံးဖွယ် ဖြစ်လေသည်။

အလွန်အမင်း ကတိကဝတ် ပေးတတ်သော ဗီဇနှင့်ဓလေ့ကိုတွေ့ရ၏။ ချင့်ချင့်ချိန်ချိန် ပြောဆိုနိုင်ပါမှ တန်ကာကျသော ခေတ်ကြီး ဖြစ်လေသည်။ အစားကိုကုန်အောင်စား၊ စကားကို ကုန်အောင်မပြောနှင့်ဆိုသည့် ရှေးလူကြီးများ၏အမှတ်အသားက လူမှုရေးတင့်တယ် စေသည်။ လူမှုရေးစကားသည် ဥပမာပြောရပါက ချစ်သူတို့ဘဝတွင် အထင်ကြီးအောင် ကတိကဝတ်တွေပေးခဲ့၏။ မျှော်လင့်ချက် တွေထား၏။ သို့သော် လက်တွေ့တွင် ဘာမျှဖြစ်မလာလွန်ခဲ့ပြီဖြစ်၏။ ထိုအခါ စိန်နားကပ်ကြီး ပန်ရမလိုကဲ့သို့သော ဂီတတေးသံများ ပေါ်ထွက်လာလေသည်။ အသေးအဖွဲ အလွန်အကျွံဟုဆိုချင်က ဆိုနိုင်လေသည်။ ထို့အတူ အချေးအငှား အလောင်းအစားတွေ စီးပွားလူမှုအထောက်အကူပြုဖွယ် ကိစ္စတွေ၌ စကားလွန်သဖြင့် ရုံးပြင်ကနား ရောက်ကြရလေသည်။

အလွန်အကျွံပြုမှုသည် အစွန်းရောက်မှု ဖြစ်နိုင်၏။ တစ်ချိန်က မျက်ကန်းမျိုးချစ်ဟူသော ဝေါဟာရခေတ်စားခဲ့၏။ သတိကြီးစွာ ထားသင့်ပေသည်။ ယခုကမ္ဘာတစ်ဝန်းတွင် အစွန်းရောက် အကြမ်းဖက်သမားများသည် နယ်ကျွံသော စိတ်ဓာတ်၊ လောဘ၊ အတွေးအခေါ်၊ မှားယွင်းသော အမြင်များကြောင့် ဖြစ်လေရာ နှိမ်နင်းရဆဲဖြစ်၏။

တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း အတိုင်းအဆမရှိ အင်အားသုံးပါက အကျိုးယုတ်ခြင်း၊ စိုးရိမ်သောကဖြစ်ရခြင်း၊ အန္တရာယ် မကင်းခြင်းတို့ကို ဆုံစည်းနိုင်ပေသည်။ ကျေးလက်စကားတစ်ခုကဲ့သို့ ခရုခါးတောင်း ကျိုက်ဖမ်းစရာ မလိုပါ။ တစ်စိတ်လိုတစ်အိတ် ပြုခြင်းကြောင့် အကျိုးနည်းရပါ၏။ ကောင်းမွန်သော ကိစ္စများ၌ပင် သတိပြုဆိုစကားများ ရှိပြန်ပေသည်။ စေတနာရေစီးကမ်း ပြိုလိုက်ခြင်းငှာ မသင့်။ ဝီရိယလွန်တော့ ဥဒ္ဒစ္စ၊ သဒ္ဓါလွန်တော့ တဏှာကျွန်ဖြစ်၊ သဒ္ဓါလွန်းဆွမ်းတော် ရပ်စသည်ဖြင့် တွေ့ရဖူးလေသည်။

တည်ရှိနေဆဲ ယနေ့ကမ္ဘာတွင် လှိုင်းကြီး လေထန်မြစ်ရေလျှံခြင်း၊ သမုဒ္ဒရာရေပြင်မြင့် တက်ခြင်း၊ ငလျင်ဒဏ်ခံရခြင်း၊ အအေးလွန်ခြင်း၊ အပူလှိုင်းဖြတ်ခြင်း စသည့်ဆိုးရွားသည့် မရှုမလှဒဏ်ခံစားရခြင်းမှာ လူသားတို့၏
အရမ်းမဲ့ပြုမူသော အကျိုးဆက်ဖြစ်၏။

သစ်တောများ အဆမတန်ခုတ်ထွင် သဘာဝ အရင်းအမြစ်သုံးစွဲ သယံဇာတ အမျိုးမျိုးကို သုံးစွဲပြီး ပြန်လည် ဖြည့်တင်းခြင်း၌ ချို့တဲ့ခြင်းစသည့် အခြေခံကြောင့်ဖြစ်ပါ၏။ နေချင်စဖွယ် သဘာဝအလှအပကို အလွန်အကျွံသုံးစွဲတတ်သော အသိဥာဏ် ကောင်းပိုင်ရှင် လူသားကြောင့် ပျက်သုဉ်းခြင်းမဖြစ်သင့်ဟု ယူဆပါ၏။

ဘက်စုံလုပ်ငန်းတွင် လက်တွေ့ကျစွာကျင့်သုံး ဖို့သွန်သင်သော အဆုံးအမစကား မြန်မာ့ရိုးရာအတွက် ထင်ရှားကျွမ်းဝင် ယဉ်ပါးပြီးဖြစ်ပါ၏။ အလယ်အလတ်လမ်းစဉ် မဇ္ဈိမ ပဋိပဒါဖြစ်သည်။

မြန်မာတို့အတွက် လောကီလောကုတ် ဆင်ခြင်နိုင်ရန် သတိပေးသြဝါဒ စွဲမှတ်စရာရှိ ပြီးဖြစ်၏။ ရသတဏှာအတွက် အရသာခြောက်ပါး၊ အာရုံခြောက်ပါး၌ စွဲလမ်းမှုအလွန် အကျွံမဖြစ်စေမှုကို ရည်ရွယ်ခြင်းဖြစ်၏။
ကြုံကြိုက်လာသော လောကဓံကို အလွန်အမင်း မခံစားရန်လည်း ပါဝင်၏။

မည်သည့်အရာ၌ပင်မဆို အလွန်အကျွံ တွေးဆလုပ်ကိုင် ဖော်ဆောင်ခြင်းသည် အမှားအယွင်းမကင်း နိုင်ဟုဆိုချင်၏။ အားကစား သတင်းနှင့် ပြန်လည်နိဂုံးချုပ်လိုပါ၏။အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ယခုမအောင်မမြင် ထွက်ခွာရ၏။ ထိုအခါ အသင်းတွင် နှစ်အတော်ကြာ နစ်မြုပ်သဖြင့် ချောင်ပိတ်မိ ခဲ့ကြောင်းဝန်ခံခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်း ဖြစ်ပါ၏။ ။

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

ညွန့်ဟံ (ကြူတော)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...