Social Icons

Pages

Tuesday, April 24, 2018

YPS အတွက် ဆန်ခါတင် ကျန်ရှိသည့် ကုမ္ပဏီနှစ်ခုကို တင်ဒါစည်းကမ်းများ အတိုင်း ထပ်မံရွေးချယ်နိုင်ရန် ဆောင်ရွက်နေ



ရန်ကုန် ၂၄-၄-၂ဝ၁၈

Yangon Payment Services (YPS) အတွက် ဆန်ခါတင်ကျန်ရှိသည့် Anypay Payment Services ကုမ္ပဏီနှင့် Asia Starmar Transport Intelligent ကုမ္ပဏီနှစ်ခုကို တင်ဒါစည်းကမ်း ချက်များ၊ လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်း ထပ်မံစိစစ် ရွေးချယ်နိုင်ရန် ညှိနှိုင်းဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ YPS တင်ဒါစိစစ် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ပဏာမတင်ဒါ အောင်မြင်သည့် ကုမ္ပဏီကို ပယ်ဖျက်ပြီး ပြန်လည်ရွေးချယ်ခြင်းကို မကြာမီဆောင်ရွက်မည် ဖြစ်ပြီး ပဏာမတင်ဒါ ရွေးချယ်ပြီးချိန်မှစ၍ သုံးလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

YPS ငွေပေးချေကတ် စနစ်အတွက်၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ဆန်ခါတင် ရွေးချယ်ခံရသော ကုမ္ပဏီသုံးခုကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်က Excel KC Myanmar ကုမ္ပဏီကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ YPS တင်ဒါစိစစ် ကြီးကြပ်ရေးအဖွဲ့က ပဏာမ တင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကုမ္ပဏီသည် YPS ငွေပေးချေကတ် စနစ်အတွက် မြန်မာငွေကျပ် ၁၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု အဆိုပြုလွှာ တင်သွင်းခဲ့ပြီး ကုမ္ပဏီနှင့် စာချုပ်စာတမ်း ညှိနှိုင်းရာတွင် တင်ဒါတင်သွင်းစဉ်က အဆိုပြုခဲ့သော အခြေအနေ၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရသဖြင့် ပဏာမ တင်ဒါရွေးချယ် အောင်မြင်ထားမှုမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းတွင် အသုံးပြုမည့် YPS ငွေပေးချေကတ် စနစ်အတွက် ပဏာမတင်ဒါ အောင်မြင်သည့် Excel KC Myanmar ကုမ္ပဏီကို ဧပြီ ၂ဝ ရက်က ရွေးချယ်ထားမှုမှ ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...