Social Icons

Pages

Monday, April 23, 2018

ရမည်းသင်း မြို့နယ်တွင် လယ်ယာလုပ်ငန်းများ စတင်ထွန်ယက် လျက်ရှိ



ရမည်းသင်း ၂၃-၄-၂ဝ၁၈

သင်္ကြန်မတိုင်မီ ကာလနှင့် သင်္ကြန်ပြီးကာလ ရွာသွန်းခဲ့သော မိုးကြောင့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ တောင်သူများ လယ်ယာလုပ်ငန်းများ စတင်ထွန်ယက် လျက်ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ထိုသို့ လယ်ယာလုပ်ငန်း ခွင်ဝင်ရန် ဆောင်ရွက်ကြရာတွင် စိုက်ပျိုးလယ်ယာ မြေများ၌ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းတို့ ကိုပြုလုပ်ပြီး ထွက်ရှိသောအမှိုက်များ ကောက်၍ မီးရှို့ကြသည်။ ထို့နောက် လယ်ယာမြေများ၌ သဘာဝ မြေသြဇာများချ၍ မြေပြင်ခြင်းဆောင်ရွက် ကြကြောင်း သိရသည်။

တစ်ဧကလျှင် ထွန်လေးရှဉ်း အသုံးပြုရပြီး ထွန်တစ်ရှဉ်းငှားလျှင် ငွေကျပ် ၅ဝဝဝ ပေးရကြောင်း၊ အချို့တောင်သူများမှာ လယ်ယာသုံး ထွန်စက်များငှား၍ ထွန်ယက်ကြကြောင်း၊ တစ်ဧကလျှင် ထွန်စက်ငှားခငွေကျပ် ၁၆ဝဝဝ မှ ၁၈ဝဝဝ ပေးရကြောင်း သိရသည်။

"မိုးဦးစိုက်ဖို့အတွက် ကြိုတင်ပြင်ဆင် ထားတာပါ။ မိုးဦးကျတော့ ချက်ချင်းစိုက်လို့ ရတာပေါ့။ အများစုကတော့ ပဲတီစိမ်းပဲ အစိုက်များပါတယ်"ဟု ပဲ့ဆည်ကျေးရွာ အုပ်စု ပဲ့ဆည်ကျေးရွာနေ တောင်သူတစ်ဦးက ပြောပြသည်။

အချို့မြေအစိုဓာတ် ပိုမိုရရှိသော လယ်ယာမြေများတွင် ပဲတီစိမ်းစိုက်ပျိုး ပြီးဖြစ်ကြောင်း နောက်ထပ် မိုးရွာမည့် နေ့များတွင် အဆင်သင့် စိုက်ပျိုးနိုင်ရန် အတွက် လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ရန် ထွန်ယက်ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...