Social Icons

Pages

Friday, March 9, 2018

နိုင်ငံအတွင်းရှိ ဆီစက်များ အဆင့်မြှင့်တင်ရန် အတွက် လုပ်ငန်းရှင်တစ်ဦးလျှင် အများဆုံးငွေကျပ် သိန်းသုံးထောင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်



မန္တလေး ၉-၃-၂ဝ၁၈

နိုင်ငံအတွင်းရှိ ဆီစက်များ အဆင့်မြှင့်တင်ရန်အတွက် ချေးငွေရယူလိုသည့် ဆီစက်လုပ်ငန်းရှင် တစ်ဦးလျှင် အများဆုံး ငွေကျပ် သိန်းသုံးထောင်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ခုနစ်ဘီလီယံထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်းသို့ Project Loan ချေးငွေကျပ် ၂၅ ဘီလီယံထုတ်ချေးရန် ခွင့်ပြုထားပြီးဖြစ်ရာ အဆိုပါချေးငွေမှ ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ရန် အတွက် ငွေကျပ်ခုနစ်ဘီလီယံ ချေးပေးရန် လျာထားသတ်မှတ် ထားကြောင်း သိရသည်။

အဆိုပါ လျာထား သတ်မှတ်ငွေကျပ် ခုနစ်ဘီလီယံမှ ဆီစက်များ အဆင့်မြှင့်တင်ရန် ချေးငွေရယူလိုသည့် ဆီစက်များကို မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များ အသင်းက စုစည်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ SMES ချေးငွေ လျှောက်ထားပေးမည် ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဆန်းထွန်းလွင်က ပြောပြသည်။

"ချေးငွေက ကိုးကျပ်အတိုးဆိုတော့ လုပ်ငန်းရှင်တွေ စိတ်ဝင်စားကြပါတယ်။ လျှောက်ထားတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ကိုက်ညီရင် အသင်းက ထောက်ခံပေးမယ်။ မကိုက်ညီရင်တော့ ထောက်ခံချက် မပေးပါဘူး။ မန္တလေးက လုပ်ငန်းရှင် တွေထက် နယ်က ဆီစက်တွေက ပိုလျှောက်မယ်လို့ထင်ပါတယ်"ဟု ၎င်းက ပြောပြသည်။

ချေးငွေလျှောက်ထား လိုသူများ အနေဖြင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းဝင်၊ လက်ရှိဆီစက် လည်ပတ်နေသူ၊ FDA လက်မှတ်ရရှိပြီး (သို့မဟုတ်) လျှောက်ထားဆဲ၊ SME Member Card ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ထောက်ခံချက်၊ အပေါင်ပစ္စည်းမပေး နိုင်သူအတွက် အပေါင်ပစ္စည်းမဲ့ ချေးငွေတင်ရန် Business Plan နှင့် Financial Statement စသည့် စည်းမျဉ်းများနှင့် ကိုက်ညီရမည် ဖြစ်ကြောင်း သိရသည်။

"အခု FDA လက်မှတ်ရဖို့ ပြည်တွင်းက ဆီစက်တော်တော် များများပြင်ဆင် နေကြပါတယ်။ အလတ်စားလုပ်ငန်းတွေ ပိုပြီးစိတ်ဝင်စား ကြမယ်လို့ ထင်ပါတယ်။ အခုလိုချေးပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ငွေထုတ်ချေးပေးတာထက် ဈေးကွက်ထဲမှာ မလိုလားအပ်တဲ့ ဆီတွေ ဥပမာ အနံ့ဆီလိုမျိုးတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဖယ်ရှား ပေးနိုင်ရင်တော့ ကောင်းပါမယ်"ဟု မန္တလေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးအောင်ဆွေဟိန်းက ပြောပြသည်။

လက်ရှိတွင် ပြည်တွင်းဆီစက်များ အနေဖြင့် ပြည်တွင်းစားသုံးသူများ ပိုမိုယုံကြည်မှုရှိစေရန်နှင့် နိုင်ငံခြားမှ ဝင်ရောက်လာသည့် ဆီများကို ယှဉ်ပြိုင်နိုင်ရန်အတွက် FDA လက်မှတ်ရရှိရန် ဆောင်ရွက်နေသည့် အပြင်ပြည်တွင်း ထုတ်ပဲဆီကို Export တင်ပို့နိုင်သည်အထိ ပြင်ဆင်ဆောင်ရွက် နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆီစက်ပေါင်းအလုံး ၃ဝဝဝ ခန့်ရှိပြီး လက်ရှိလည်ပတ်နေသည့် ဆီစက် အလုံး ၃ဝဝ ခန့်သာရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...