Social Icons

Pages

Thursday, March 22, 2018

ရေရှားသည့် ဒေသများအတွက် သောက်သုံးရေသန့်များ ရရှိစေရန် ဂျပန်နိုင်ငံ နည်းပညာသုံး ရေသန့်စင်ကား ၁ဝ စီးဖြင့် ဆောင်ရွက်ပေးသွားမည်



နေပြည်တော် ၂၂-၃-၂ဝ၁၈

နိုင်ငံတစ်ဝန်း ရေရှားပါးသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်နာရီလျှင် ရေဂါလန် (၅ဝဝမှ ၈ဝဝခန့်ထိ) သန့်စင်နိုင်သည့် ဂျပန်နိုင်ငံ နည်းပညာသုံး ရေသန့်စင်ကား (Mobile Water Purification Vechicle) များဖြင့် သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဖြူးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စီစဉ်နေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်(ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်း ရေးဌာနခွဲ) ၏ ပြောပြချက်အရ သိရသည်။

အဆိုပါဂျပန်နိုင်ငံ နည်းပညာသုံး ရေသန့်စင်ကား (Mobile Water Purification Vechicle) သည် တစ်စီးလျှင် US ဒေါ်လာ လေးသိန်း တန်ဖိုးရှိပြီး ရေသန့်စင်ကား တစ်စီးလျှင် တစ်နာရီတွင် ရေဂါလန် (၅ဝဝမှ ၈ဝဝ)ခန့်ထိ သန့်စင်ပေးနိုင်ကြောင်း၊ ၎င်းကား ၁ဝစီးတွင် ကိုးစီးကိုဂျပန်နိုင်ငံက လှူဒါန်းခြင်းဖြစ်ပြီး ကျန်တစ်စီးမှာ ဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဌာနဆိုင်ရာ သင်တန်းသားဦးရေ ၃ဝကို ဂျပန်နိုင်ငံမှ နည်းပညာဆိုင်ရာ သင်တန်းများ ပေးထားပြီး အဆိုပါသင်တန်းသားများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဆင့်ပွားသင်တန်း များပို့ချ ပေးနေပြီ ဖြစ်သည်။

"ကနဦးရောက်ရှိလာတဲ့ ရေသန့်စင်ကားတစ်စီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ အမှန်တကယ် ရေလိုအပ်နေတဲ့ ကျေးရွာတွေကို စမ်းသပ်ဆောင်ရွက် ခဲ့ပြီးပါပြီ။ အဲဒီလို စမ်းသပ်တဲ့အခါ ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ သောက်သုံးရေ အခက်အခဲကို ဖြေရှင်းပေးနိုင် ခဲ့ပါတယ်။ အဓိကကတော့ ကျေးလက်နေ ပြည်သူတွေကို သန့်ရှင်းတဲ့ရေတွေ သောက်သုံးနိုင်အောင် ဖြေရှင်းဆောင်ရွက် ပေးတာပါ"ဟု ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောပြသည်။

လက်ရှိတွင် ဂျပန်နိုင်ငံအစိုးရက လှူဒါန်းသော ရေသန့်စင်ကား ကိုးစီးနှင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဝယ်ယူခဲ့သော ရေသန့်စင်ကား တစ်စီးအပါဝင် စုစုပေါင်း ၁ဝ စီးကို နေပြည်တော်တွင် တစ်စီး၊ မကွေးတိုင်းဒေသကြီးတွင် တစ်စီး၊ ရှမ်းပြည်နယ် နှင့်ကယားပြည်နယ်တို့တွင် တစ်စီး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် တစ်စီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် တစ်စီး၊ရခိုင်ပြည်နယ် တွင် တစ်စီး၊မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တစ်စီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တစ်စီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် တစ်စီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် တစ်စီး အသီးသီး ခွဲဝေချထားပေးပြီး ဖြစ်သည်။

အဆိုပါ ချထားပေးထားသည့် ဒေသများမှ သဘာဝဘေး အန္တရာယ်ကြုံတွေ့ရ၍ ဖြစ်စေ၊ နေ့အပူချိန်မြင့်တက်ကာ ရေတွင်းရေကန်များ ခန်းခြောက်၍ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် သောက်သုံးရေ လိုအပ်ပါက ရေအရင်း အမြစ်တစ်ခုမှ ရေများကို ၎င်းကား၏ ရေသန့်စက်အတွင်း စုပ်ယူကာ ရေအရည်အသွေး PH7 အဆင့်ဖြင့်သန့်စင်ပြီး ရေများကို အလွယ်တကူသောက်သုံး နိုင်ကြမည် ဖြစ်သည်။

"ဒီရေသန့်စင်ကား ကိုးစီးက ဂျပန်နိုင်ငံ အစိုးရက ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို လှူဒါန်းတာပါ။ ဌာနက အရင်ဝယ်ယူထားတဲ့ ရေသန့်စင်ကား တစ်စီးနဲ့ဆို ၁ဝစီးပေါ့။ အဓိကကတော့ ဂျပန်နိုင်ငံ အစိုးရအနေနဲ့ ကျွန်တော်တို့ နိုင်ငံမှာ ရေရှားပါးမှု ပြဿနာတွေ ကြုံတွေ့ နေရတဲ့နေရာဒေသတွေကို ရေသန့်စင်ကားတွေဟာ အချိန်မရွေး၊ နေရာမရွေးသွားရောက်ပြီး မြစ်ချောင်းအင်းအိုင်နဲ့ကန်ထဲက ရေတွေကို တိုက်ရိုက် သောက်ရေအဖြစ် သန့်စင်ပေး နိုင်အောင် လှူဒါန်းတာပါ"ဟု ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...