Social Icons

Pages

Friday, March 16, 2018

သင်္ကြန်ကာလအတွင်း မန္တလေးမှ ထွက်ခွာမည့် ယာဉ်များပုံမှန် ယာဉ်စီးခနှုန်းထားထက် ပိုမိုတောင်းခံပါက ဒဏ်ငွေ ပေးဆောင်ရမည်



မန္တလေး ၁၆-၃-၂ဝ၁၈

၂ဝ၁၈ခုနှစ် သင်္ကြန်ပွဲတော် ရုံးပိတ်ရက်ကာလအတွင်း အရေးကြီး ခရီးသွားများအတွက် မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီး ကြပ်မှုကော်မတီ (ယကက-အဝေးပြေး) လက်အောက်ရှိ ယာဉ်များသည် ပုံမှန်ယာဉ်စီးခ နှုန်းထား ထက်ပိုမိုတောင်းခံပါက ဒဏ်ငွေကျပ် ၅ဝဝဝဝ ပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် ယာဉ်လိုင်းတစ်ခုစီမှ ထိုင်ခုံငါးနေရာ ကြိုတင်စီစဉ်ထား ရှိရန်အကြောင်းကြား ထားကြောင်း တိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောပြသည်။

၂ဝ၁၈ ခုနှစ် ဧပြီလတွင် ၁၂ ရက်မှ ၁၈ ရက်အတွင်း မန္တလေးမှရန်ကုန်၊ နေပြည်တော်၊ ပြည်၊တောင်ကြီး၊ ပုဂံ၊ညောင်ဦးစသည့် ခရီးစဉ်များအပြင် အခြားခရီးစဉ် များသို့ပြေးဆွဲမည့် ယာဉ်လိုင်းများ အနေဖြင့် ယာဉ်စီးခနှုန်းထား ပိုမိုတောင်းခံခြင်းမပြုရန်နှင့် စည်းကမ်းနှင့် အညီပြေးဆွဲကြရန် ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) မှ အကြောင်းကြားစာ ပို့ထားကြောင်း သိရသည်။

"ယာဉ်လိုင်းတချို့က သင်္ကြန်မှာ နားကြတယ်။ ဘယ်အသင်းနား မလဲဆိုတာနဲ့ ကားလက်မှတ် ခပိုမယူဖို့ အသိပေးထားပြီး မဖြစ်မနေ ခရီးသွားရမယ့် သူတွေအတွက် ထိုင်ခုံတွေ ချန်ခိုင်းထားတယ်။ မေတ္တာရပ်ခံတာဖြစ်လို့ အသင်းတွေက လိုက်နာကြပါတယ်။ စည်ကမ်း မလိုက်နာရင်တော့ ဒဏ်ငွေကျပ် ၅ဝဝဝဝ ဒဏ်တပ် အရေးယူမှာပါ။ ဒါပေမယ့် မန္တလေးမှာသင်္ကြန်တွင်း စည်းကမ်းမလိုက်နာတာ မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်ကတော့ ရန်ကုန်ကိုပြန်မယ့် ဘုရားဖူးကားတစ်စီးက ကြားကားပြေးဆွဲလို့ အရေးယူခဲ့တာ တွေရှိပါတယ်။ ကားတချို့ကတော့ ကြိုတင်လက်မှတ်ကို ဧပြီ ၁ ရက်ကနေဧပြီ ၇ ရက်ထိပဲ ရောင်းချဖို့ စီစဉ်ထားပါတယ်။ ဧပြီ ၈ ရက်ကနေ ၁၂ရက်ထိ ငါးရက်ကိုတော့ ကားတွေပေါ် မူတည်ပြီး လျှော့ဆွဲကြည့်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်"ဟု ၎င်းကပြောပြသည်။

ယာဉ်လိုင်းအသင်းများမှ ယာဉ်ထွက်ချိန်မတိုင်မီ ၃ နာရီထိသာ နေရာငါးနေရာ ချန်ထားမည်ဖြစ်ပြီး ၎င်းအချိန်နောက်ပိုင်းတွင် ယာဉ်အသင်းများအနေဖြင့် အစီအစဉ် အတိုင်းရောင်းချ ပေးနိုင်ကြောင်း၊ပုံမှန်ယာဉ်စီးခ နှုန်းထား အတိုင်း ရောင်းချရန်နှင့် ခရီးသည်များ တိုင်ကြားမှုရှိလာပါက စစ်ဆေးပြီး စည်းကမ်းနှင့်မညီပါက ဒဏ်ငွေကျပ်ငါးသောင်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...