Social Icons

Pages

Wednesday, March 7, 2018

မန္တလေးမြို့ မီးပွိုင့်သုံးဆယ်ခန့်တွင် ယာဉ်နံပါတ်များအပြင် ယာဉ်အရောင်ကိုပါ အတိအကျ ဖတ်ပေးနိုင်သော ကင်မရာများတပ်ဆင်မည်



မန္တလေး ၇-၃-၂ဝ၁၈

မန္တလေးမြို့၌ မှုခင်းများ ဖြစ်ပေါ်ပါက အလျင်အမြန် ဖော်ထုတ် ဖမ်းဆီးနိုင်ရန် မီးပွိုင့် သုံးဆယ်ခန့်တွင် ယာဉ်နံပါတ်များအပြင် အရောင်ကိုပါ အတိအကျ ဖတ်ပေးနိုင်သော ကင်မရာများ ယခုနှစ်တွင် စတင်တပ်ဆင်မည်
ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးရဲမြတ်သူက ပြောပြသည်။

မန္တလေးမြို့တွင် ယာဉ်တိုက်မှုများ အပါအဝင် မှုခင်းများ ဖြစ်ပေါ်လေ့ ရှိခြင်းကြောင့် အဆိုပါမှုခင်းများကို အချိန်တိုအတွင်း အလျင်အမြန် ဖမ်းဆီးဖော်ထုတ် အရေးယူနိုင်ရေးအတွက် မှုခင်းကျူးလွန်သည့် ဆိုင်ကယ်၊ မော်တော်ယာဉ်တို့၏ ယာဉ်နံပါတ်များ အပါအဝင် မော်တော်ယာဉ်၏ အရောင်နှင့် ၎င်းယာဉ်ဖြတ်သန်း သွားလာခဲ့သည့် လမ်းကြောင်း တစ်လျှောက်ကိုပါ ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်မည့် အဆင့်မြင့်နည်းပညာဖြင့် ပြုလုပ်ထားသော ကင်မရာများကို မန္တလေးမြို့ အဓိကလမ်းမကြီးများရှိ မီးပွိုင့်သုံးဆယ်ခန့်တွင် ယခုနှစ်၌ စတင်တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

"မန္တလေးမြို့မှာ ခိုးမှု၊ ရိုက်မှု၊ လုယက်မှုတွေအပြင် ယာဉ်တိုက်မှုဖြစ်လို့ ထွက်ပြေးတိမ်းရှောင် သွားတဲ့ယာဉ်တွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့အတွက် မီးပွိုင့်တွေက နေတစ်ဆင့် ပြစ်မှုကျူးလွန်သူတွေကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ ဒီနှစ်ထဲမှာ စပြီးလုပ်ဆောင်သွား တော့မယ်။ ပြီးတော့ ယာဉ်နံပါတ်တွေကိုလဲ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်သွားမယ်။ အဓိကအနေနဲ့ကတော့ မှုခင်းတွေကျဆင်းသွားဖို့ ရည်ရွယ်ပြီး လုပ်ဆောင်သွားမှာပါ"ဟု ၎င်းကဆက်လက် ပြောပြသည်။

မန္တလေးမြို့တွင် အဓိကလမ်းမကြီးများဖြစ်သည့် ၇၈လမ်း တစ်လျှောက်၊ ၇၃လမ်းတစ်လျှောက် အပါအဝင် မိန်းလမ်းမကြီးများတွင် မှုခင်းများ လျော့ကျစေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အလားတူ မန္တလေးမြို့၌ ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုမရှိစေရန် ဆင်ဆာမီးပွိုင့်များကို တိုးချဲ့တပ်ဆင်ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...