Social Icons

Pages

Wednesday, February 7, 2018

ဧရာဝတီမြစ်အတွင်း လင်းပိုင်ထိန်းသိမ်းရေး ဧရိယာပြင်ပ ဗန်းမော်ဘက်သို့ စစ်တမ်းကောက်ယူရန် ပူးပေါင်း အဖွဲ့ခရီးစတင်



မန္တလေး ၇-၂-၂ဝ၁၈

ဧရာဝတီမြစ်အတွင်း လင်းပိုင်ထိန်းသိမ်းရေး ဧရိယာပြင်ပ ဗန်းမော်ဘက်သို့ စစ်တမ်းကောက်ယူခြင်းနှင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် မန္တလေးဆိပ်ကမ်းမှ ယနေ့နံနက်ပိုင်းက ပူးပေါင်းအဖွဲ့များဖြင့် ခရီးစဉ်စတင်ထွက်ခွာ ပြီဖြစ်ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်အတွင်း နှစ်စဉ်ဖေဖော်ဝါရီလ အတွင်း၌ ဧရာဝတီ လင်းပိုင်များဖြင့် ကွန်ပစ်ငါးဖမ်းသည့် ရေလုပ်သားများရှိသည့် ထိန်းသိမ်းရေးဧရိယာပြင်ပ ဗန်းမော်ဘက်ရှိ ကျေးရွာများတွင် လင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိဘဲကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် ပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုအခါ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် ရေလုပ်သားနှစ်ဦးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်တမ်းကောက်ယူရန် အတွက် မန္တလေးဆိပ်ကမ်းမှ ဗန်းမော်ဘက်သို့ သင်္ဘောဖြင့်စတင် ထွက်ခွာခဲ့ကြောင်း သိရသည်။

"အခုခရီးစဉ်ကတော့ အရင်နှစ်တွေကထက် နည်းနည်းထူးခြားတယ်။ ဒီနှစ်မှာက စစ်တမ်းကောက်ယူတဲ့ ခရီးစဉ်မှာ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာကိုပါ ဗန်းမော်ဘက်ထိတိုးချဲ့ နိုင်အောင်လို့ အဓိကထား လုပ်ဆောင် သွားဖို့ရှိပါတယ်။ ရေလုပ်သားတွေရှိတဲ့ ကျေးရွာတွေက ကျောင်းတွေမှာ အသိပညာ ဗဟုသတရအောင် လင်းပိုင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေပါတဲ့ စာအုပ်တွေကိုပါ ဖြန့်ဝေပေးသွားမှာပါ"ဟု ၎င်းကဆက်လက်ပြောပြသည်။

၂ဝ၁၇ ခုနှစ် လင်းပိုင်စစ်တမ်း ကောက်ယူမှုခရီးစဉ်အရ ထိန်းသိမ်းရေး ဧရိယာနှင့် ဧရိယာပြင်ပတွင် စုစုပေါင်းလင်းပိုင် ၆၉ ကောင်ရှိကြောင်း စစ်တမ်းအရသိရှိခဲ့ရပြီး နောက်ထပ် လင်းပိုင်သားပေါက် တစ်ကောင်ထပ်မံတွေ့ရှိ ခဲ့သော်လည်း အတည်မပြုနိုင်သေးသည့် အတွက် ယနေ့မှစ၍ ဖေဖော်ဝါရီ ၁၈ ရက်ထိ ခရီးစဉ်ပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...