Social Icons

Pages

Friday, February 2, 2018

ကမ္ဘာ့ရေနံဈေး သုံးနှစ်အတွင်း အမြင့်ဆုံး စံချိန်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁ဝဝဝ ကျော်ထိရှိလာနိုင်



မန္တလေး ၂-၂-၂ဝ၁၈

ကမ္ဘာ့ရေနံဈေးနှုန်းများ ပြီးခဲ့သည့် သုံးနှစ်အတွင်း အမြင့်ဆုံးစံချိန် မြင့်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာလည်း လိုက်ပါမြင့်တက်နေရပြီး ကမ္ဘာ့ရေနံဈေး ဆက်လက်မြင့်တက် မည်ဆိုပါက ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ငွေကျပ် ၁ဝဝဝ ကျော်ထိ ရောက်ရှိ နိုင်ဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံစက်သုံးဆီ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က သုံးသပ်ပြောပြသည်။

"စက်သုံးဆီဈေးနှုန်း အတက်အကျက ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးနှုန်းအပေါ်မူတည် ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးအနေအထားက နိုင်ငံခြားကနေ တင်သွင်းတဲ့ အရင်းဈေးနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖြစ်သင့်တဲ့ ဈေးနှုန်းထက်မပိုဘူးလို့ ပြောချင်ပါတယ်။ ကမ္ဘာ့ရေနံဈေးက ဒီနေ့အထိ မြင့်တက်နေဆဲပါပဲ။ ဒီထက်ပိုပြီး မြင့်တက်လာမယ်ဆိုရင် ပြည်တွင်းဈေးနှုန်းက တစ်လီတာကို တစ်ထောင် ကျော်သွားနိုင်ပါတယ်"ဟု ဒေါက်တာဝင်းမြင့်က ပြောပြသည်။

ကမ္ဘာ့ရေနံဈေးသည် ၂ဝ၁၄ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းတွင် အမြင့်ဆုံးဈေးအဖြစ် မြင့်တက်ခဲ့မှုကြောင့် တစ်ပီပါလျှင် မြန်မာကျပ်ငွေ တစ်သိန်းကျော်အထိ ဈေးတက်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်က ကမ္ဘာ့ရေနံဈေး နှုန်းသည် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇ဝ ဒသမ ၃၇ အထိ မြင့်တက်ခဲ့ခြင်းကြောင့် သုံးနှစ်အတွင်း အမြင့်ဆုံးစံချိန် မြင့်တက်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ရေနံဈေး မြင့်တက်ရခြင်းသည် အမေရိကန်နိုင်ငံ၏ ရေနံသိုလှောင်မှု ကျဆင်းခြင်းနှင့် အတူ နိုင်ဂျီးရီးယား သူပုန်အဖွဲ့များက ရေနံထုတ်လုပ်သည့် နေရာများကို ဝင်ရောက်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားခြင်း သည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ၂ဝ၁၇ခုနှစ် နိုဝင်ဘာ ၃ဝ ရက်ကပြုလုပ်ခဲ့သည့် အိုပက် (OPEC) နှင့်အခြားရေနံထုတ်လုပ်သည့် နိုင်ငံများ တွေ့ဆုံပွဲတွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းမသွားစေရန် ထုတ်လုပ်မှု လျှော့ချသည့် အစီအစဉ်များ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းများကြောင့် ကမ္ဘာ့ရေနံဈေးသည် အတက်ဘက်တွင်သာ ဆက်လက်ရှိနေမည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

ပြည်တွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်လာရခြင်းသည် စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်၏ သိုလှောင်နိုင်အားဖြင့်လည်း သက်ဆိုင်နေပြီး အစိုးရမူဝါဒအရ စက်သုံးဆီ အရောင်းဆိုင်၏ မြေအကျယ်စတုရန်းပေ အပေါ် တွက်ချက်၍ သိုလှောင်နိုင်မှုကို သတ်မှတ်ပေးထားကြောင်း၊ စက်သုံးဆီ သိုလှောင်ခွင့်အတွက် လုံခြုံရေးဆိုင်ရာများကို ပြည့်စုံကောင်းမွန်အောင် ပြုလုပ်ထားကြသော်လည်း သတ်မှတ်သိုလှောင် အားထက် ပို၍ခွင့်မပြုခြင်းများကြောင့် ကမ္ဘာ့ရေနံဈေး အတက်အကျလိုက်ပြီး ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ လိုက်ပါ ပြောင်းလဲနေရခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ရေနံ ဈေးနှုန်းတက်လျှင် ပြည်တွင်း လက်ကားစက်သုံးဆီ ဈေးနှုန်းများ တက်လေ့ရှိပြီး ပြည်တွင်း လက်ကားဈေးနှုန်း မြင့်တက်မှုကြောင့် လက်လီရောင်းချသူများ အခက်အခဲတွေ့ ရလေ့ရှိကြောင်း သိရသည်။

"လက်ကားဈေးတက်ပြီး ရက်ပိုင်းအတွင်း ပြန်ကျသွားခဲ့ရင်တောင် ချက်ချင်းဈေးမချ ရဲသေးပါဘူး။ ကမ္ဘာ့ရေနံ ဈေးနှုန်းမတည်ငြိမ်တော့ ဒီအတိုင်းပဲ ထားရပါတယ်။ လက်လီဆိုင် အများစုကတော့ လက်လီ၊လက်ကားနှစ်မျိုးစလုံး ရောင်းချပေးနေတဲ့ စက်သုံးဆီကုမ္ပဏီကြီးတွေရဲ့ ဈေးနှုန်းနဲ့သာ အခြေခံရောင်းကြ တာများပါတယ်"ဟု လက်လီရောင်းချ ပေးနေသည့် စက်သုံးဆီအရောင်းဆိုင်ရှင် တစ်ဦးက ပြောပြသည်။

ပြည်တွင်းအတွက် အဓိကစက်သုံးဆီ တင်သွင်းနေရသည့် စင်ကာပူနိုင်ငံ လက်ကားရောင်းဈေး MOPS သည် နေ့စဉ်ဈေးနှုန်းအတက်အကျဖြစ်ပေါ်နေသော်လည်း စက်သုံးဆီ ဖြန့်ချိရောင်းချသည့် ကုမ္ပဏီများကဈေးကွက်ထိန်းညှိ သည့်အနေဖြင့် အမှန်တကယ် မြင့်တက်ရမည့် ဈေးမဟုတ်ဘဲ အရှုံးခံရောင်းချ ပေးနေသည်ဟု မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များ အသင်း စက်သုံးဆီ လုပ်ငန်းရှင်များထံမှ သိရသည်။

"လက်ရှိအချိန်မှာ စင်ကာပူနိုင်ငံက တင်သွင်းလာတဲ့ စက်သုံးဆီ ဒီဇယ်တစ်လီတာကို ငွေ ၁၂ကျပ်လောက် အရှုံးပေါ်နေပါတယ်။ ဒီဇယ်တစ်မျိုးတည်း မဟုတ်ပါဘူး။ အခြားစက်သုံးဆီတွေလဲ အရှုံးပေါ်နေပါတယ်။ အရှုံးပေါ် တယ်ဆိုတာ နောက်ထပ်တင်သွင်းတဲ့ စက်သုံးဆီတွေက တက်ဈေးနဲ့ဝယ်ရလို့ အရှုံးပေါ်တာပါ"ဟု မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ဆက်လက် ပြောပြသည်။

ယခုအခါ ပြည်တွင်း စက်သုံးဆီဈေးနှုန်း အမြင့်ဆုံးကို ရောက်ရှိနေသကဲ့သို့ ပြည်ပစက်သုံးဆီ ဈေးနှုန်းများသည်လည်း အတက်ဘက်သို့ ဦးတည်နေဆဲပင် ဖြစ်ကြောင်း၊ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ ပြန်ကျမည့်အချိန်ကို အတိအကျ မပြောနိုင်သေးဘဲ ဖေဖော်ဝါရီ ၁ ရက်တွင် မန္တလေးမြို့ စက်သုံးဆီဈေးကွက်တွင် ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ငွေကျပ် ၈၉ဝ၊ Premium ဒီဇယ်တစ်လီတာလျှင် ငွေကျပ် ၉၁ဝ၊ 92RON မှာ တစ်လီတာလျှင်ငွေကျပ် ၈၉ဝ၊ 95RON မှာ တစ်လီတာလျှင် ငွေကျပ် ၉၅ဝပေါက်ဈေးရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...