Social Icons

Pages

Thursday, December 21, 2017

စကား ပြောတတ်ကြရဲ့လား


ဆောင်းပါး ၂၁-၁၂-၂ဝ၁၇

ယနေ့လူငယ် မောင်မယ်များအား ''စကားပြောတတ်ကြရဲ့လား''ဟု မေးလျှင် ဒီအရွယ်ရောက်ပြီပဲ စကားပြောတတ်တာပေါ့။ ကလေးဘဝကတည်းက ပြောတတ်တာ စသည်ဖြင့် ဆိုကြသူအချို့ ရှိကောင်းရှိ ပေလိမ့်မည်။

ရှိချင်မှလည်း ရှိပေလိမ့်မည်။ ဤမေးခွန်းက စာရေးသူငယ်စဉ် ကျောင်းသားဘဝက အမေးခံရဖူးသော မေးခွန်းဖြစ်၏။ မေးခွန်း၏ အဓိပ္ပာယ်မှာ တစ်ဖက်သားအား မိမိပြောလိုသည့် အကြောင်းအရာကို ဗျည်းသံ၊ သရသံ၊ ဌာန်၊ကရိုဏ်း၊ ပယတ် ကျကျပြောတတ်ခြင်း (စကားသံထုတ်လုပ်ခြင်း) ကို ဆိုလိုရင်း မဟုတ်ပေ။ (ဌာန်-စကားသံ ဖြစ်ပေါ်ရာနေရာ။ကရိုဏ်း-စကားသံ ဖြစ်ပေါ်စေရန် အကူအညီပေးသော အသုံးခံဝတ္ထု။ ပယတ်-စကားသံဖြစ်ပေါ်စေရန် အားထုတ်ရွတ်ဆိုမှု။ ဒသမတန်း-မြန်မာသဒ္ဒါ) ဤသို့ဆိုလျှင် မည်သည်က ဆိုလိုရင်းဖြစ် ပါသနည်း။ လောကဓမ္မနှစ် ဌာနအတွက် အကျိုးရှိသောစကားကို ပြောဆိုခြင်း၊ မှန်ကန်ဖြောင့်မတ်သော စကားကိုပြောဆိုခြင်း၊ တစ်နည်းအားဖြင့် ''ကောင်းမွန်သော စကားကို ပြောတတ်ကြရဲ့လား''ဟု မေးခြင်း ဖြစ်သည်။

ဝန်ခံရပါလျှင် စာရေးသူလည်း ဒီအရွယ်ရောက်ပါမှ အတော်အသင့် သိလာရခြင်းဖြစ်ပါ၏။ ''စကား၊ စကားပြောပါများ၊ စကားထဲက ဇာတိပြသည်။ တရား၊ တရား ဟောပါများ၊တရားထဲက ပါဠိရ၍ ဒါနအလွန်လှူတတ်သည်'' ဟူသည့် သူတော်ဦးနု၏ ဆိုစကားကို ကြားဖူးကြပါလိမ့်မည်။ မဂ္ဂင်ရှစ်ပါးတွင် ''သမ္မာဝါစာ''ဟူ၍ တစ်ပါးအပါအဝင် ဖြစ်ရာ ချိုသာကောင်းမွန်သော စကားကိုပြောဆိုခြင်းသည် ဘုရားဟောတရားကို လိုက်နာခြင်း မဟုတ်ပါလော။ ထို့ပြင် ဂေါတမမြတ်စွာ ဘုရားက'' အခါအားလျော်စွာ စကားကိုပြောဆိုပါ''ဟူ၍ ကာလ၊ ဒေသ၊ ပယောဂအပေါ် မူတည်၍ ပြောဆိုရန်လည်း မိန့်မှာထားသည်။ ဤနေရာတွင် ၈-၁ဝ-၂ဝ၁၇ ရက်နေ့ထုတ် မြဝတီသတင်းစာပါ စာရေးဆရာမောင်ဆွေသက်၏ ''ကဒူးမမှမော်ဖသို့'' အခန်းဆက်ဝတ္ထုတွင် ရေးသားတင်ပြထားသည့် ''စကားအရာလိမ္မာစွာပြောဆို တတ်ဖို့လိုကြောင်း တပ်ထဲမှာနေစဉ်က မသိခဲ့ရပေမယ့် ယခုအသက် ၇ဝ ကျော်တော့မှသဘောပေါက် လာရပါတော့သည်''ဟူသည့် စာသားက နေ့စဉ်စကားပြော နေကြသည့် ကျွန်ုပ်တို့ကို သတိပေးနေသည့်အလား ယူဆလက်ခံမိသည်။ မြတ်စွာဘုရားရှင်က လောကီလောကုတ်နှစ်ဖြာသော အကျိုးတရားပွားများစေရန်အတွက် စကားပြောဆို ကြရာဝယ် အင်္ဂါလေးတန်နှင့် ညီညွတ်ရမည်ဟု ဆိုဆုံးမမိန့် ကြားသည်။ ၎င်းတို့မှာ-(၁) သုဘာသိတ = ကောင်းစွာပြောဆိုရခြင်း။(၂) ပီယဝါစာ = ချစ်ခင်နှစ်လိုဖွယ်ရှိရခြင်း။(၃) သစ္စာ = ဖြောင့်မတ်မှန်ကန်ခြင်း။ (၄) ဓမ္မ = တရားမျှတသဘာဝကျ၍ လေးစားလိုက်နာဖွယ် ရှိရခြင်းစသည်တို့ ဖြစ်သည်။

ဆရာချစ်နိုင် (စိတ်ပညာ) က စကားပြောရာတွင် ပြောချိန်ပြောခွင့်သင့်မှ ပြောရခြင်း၊ ဟုတ်မှန်သောစကားကိုသာ ပြောရခြင်း၊ တရားနှင့် စပ်သည်ကိုသာပြောရခြင်း၊ အကျိုးစီးပွားနှင့် စပ်သည်ကိုသာပြောရခြင်း၊ ချစ်ဖွယ်စကားကိုသာပြောရခြင်း၊ ပြုံးရွှင်မှုရှေ့ထား၍ ပြောရခြင်း၊ မတိုမရှည် မပိုမလွန်ချင့်ချိန် ပြောရခြင်း၊ အဆောတလျင်မပြောရ၊ ယဉ်ကျေးသော အသုံးအနှုန်း ဓလေ့ထုံးကိုယူ၍ ပြောရခြင်း၊ သန့်ရှင်းသေချာတိကျ ပြတ်သားစွာပြောရခြင်း စသည့်အင်္ဂါ (၁ဝ) ပါးနှင့်ပြောသင့်ကြောင်း ဆောင်းပါးတစ်စောင်ဖြင့် တင်ပြဖူးသည်။

မြတ်စွာဘုရားရှင်က ''စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းရှောင်ခွာ၊ နှစ်ခွန်းသာ'' ဟု ဟောကြားတော် မူထားသည်။ (၁) မဟုတ်မမှန်/အကျိုးမရှိ၊ သူတစ်ပါးမကြား လိုသောစကား၊ (၂) ဟုတ်မှန်/အကျိုးမရှိ၊ သူတစ်ပါး မကြားလိုသောစကား၊ (၃)မဟုတ်မမှန်/အကျိုးမရှိ၊ သူတစ်ပါးကြားလိုသော စကား၊ (၄)ဟုတ်မှန်/အကျိုးမရှိ၊ သူတစ်ပါးကြားလိုသောစကားမျိုးကို မပြောရ၊ ပယ်ပါ။ (၁) ဟုတ်မှန်အကျိုးရှိ၊ သူတစ်ပါးကြားနာလိုသောစကား၊ (၂)ဟုတ်မှန်အကျိုးရှိ၊ တစ်ပါးသူမကြားနာလိုသော စကားမျိုးကိုသာ ပြောဆိုရန် ဟောကြားထားသည်ကို ခံယူလျှင် ကျွန်ုပ်တို့သည် ဟုတ်မှန်အကျိုးရှိသော ''စကား''သည်သာ ဗုဒ္ဓအလိုကျ စကားဖြစ်ပေသည် မဟုတ်ပါလော။ (ရဟန်းတို့တွင် သံဃာသင်းကွဲစကား၊ မဟုတ်မမှန်လုပ်ကြံ-အကျိုးမဲ့စကားကို ပြောမိပါက ငရဲသို့ပင် ကျရောက်တတ်ပေသည်။) ယနေ့လူငယ်မောင်မယ် အချို့၏ ပတ်ဝန်းကျင်ဝယ် ပြောဆိုနေကြသော စကားများ၊ ဖေ့ဘွတ်ပေါ်မှ စကားများက လွန်စွာစိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။ လောကဓမ္မနှစ်ဌာန အကျိုးမရှိဘဲ ဒေါသသံသင့်သော၊ ရိုင်းပျသော စကားများဖြစ်နေ ကြသည်ကို ဆင်ခြင်သင့်ပါပြီ။

တစ်ဦးနှင့်တစ်ဦး ပြောဆိုကြသည့် စကားသည် ထိတွေ့ကိုင်တွယ်၍ မရသော်လည်း လွန်စွာတန်ခိုး သတ္တိထက်သော အရာတစ်ခု ဖြစ်ပေသည်။ မိမိ၏နှုတ်ထွက် စကားကြောင့် အမုန်းပွားခြင်း၊ ချစ်ခင်နှစ်သက် အထင်ကြီး
လေးစားခြင်းတို့ကို ဖြစ်ပေါ်စေတတ်သည်။

မင်္ဂလာရှိသောကောင်းသော စကားကိုပြောမှသာလျှင် မင်္ဂလာအတိ မင်္ဂလာရှိပေမည်။ ဤသည်ကို စိန္တကျော်သူ ဦးသြက ''နှုတ်မင်္ဂလာ၊ စကားမှာကား၊ အသာအချို၊ သူနာလိုအောင်၊ မိန့်ဆိုခြင်းလျှင်၊ တန်ဆာဆင်၏''ဟု ပြဆိုရေးဖွဲ့ထားသည်။ ရှင်မဟာရဋ္ဌသာရ ကလည်း ''တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ချိုလှစေ''ဟု ဆုံးမပဲ့ပြင်ထားသည် မဟုတ်လော။ ညောင်ပင်သာဦးပုညက ''တံတားအိုမှောင်ကို မလျှောက်နှင့်၊ စကားဆိုတောင်လို မမောက်နှင့်၊ တံတားအို မှောင်ကိုလျှောက်က ကျိုးတတ်သည်၊ စကားဆိုတောင်လိုမောက်က ငြိုးတတ်သည်''ဟု ဆိုဆုံးမပြထား ပြန်လေသည်။

အမှန်တကယ်အားဖြင့် ချိုသာသောစကားကို သက်ရှိလူသားများ မဆိုထားနှင့်၊ သတ္တဝါများပင် နှစ်သက်နာယူ လိုတတ်ကြကြောင်းသာ ဓကပြလိုသည်။ တစ်ခါသော် ဘုရားလောင်းသည် နန္ဒိဝိသာလနွားမင်းဘဝ၌ သခင့်ကျေးဇူး ကိုဆပ်ရန် လှည်းငါးရာကို တစ်ပြိုင်နက်ဆွဲပြ မည်ဖြစ်၍ သူ့သခင်ပုဏ္ဏားကြီးအား လောင်းကြေးထပ်စေသည်။ သို့သော်ပုဏ္ဏားက လှည်းဆွဲစေရန် ပြောဆိုရာတွင် ကြမ်းတမ်းစွာပြောဆို ခိုင်းစေသဖြင့် ဘုရားလောင်းနွားမင်းက မရုန်းဘဲ တောင့်ခံနေလေ၏။ ထိုအခါ ပုဏ္ဏားကြီး လောင်းကြေးရှုံး၏။ ဘုရားလောင်းနွားမင်းက ချိုသာသောစကား ဖြင့်ခိုင်းစေရန်သွန်သင်ပြီး နောက်တစ်ဖန် လောင်းကြေးနှစ်ဆ ထပ်စေသည်။ ဤအကြိမ်တွင် ပုဏ္ဏားကစကားကို ချိုသာစွာပြောဆိုစေခိုင်းသဖြင့် အနိုင်ရလေ၏။ ရှေးမြန်မာဘုရင်များ လက်ထက်တွင် နှုတ်ထွက်စကားကြောင့် ဒုက္ခရောက်ခဲ့ရ သူများရှိ၏။ မိမိ၏အင်္ကျီလက်ဖျင်ကို ကွမ်းသွေးထွေးခဲ့သော သီဟသူကိုနန်းတက် ခါနီးတွင် ပရိယာယ်ဆင် ဖမ်းချုပ်ကာ ညီငယ်နရသီဟပတေ့ကို နန်းတင်ပေးခဲ့သော ရာဇသင်္ကြံ အမတ်ကြီးသည် မိမိအား အသိအမှတ်မပြု မေ့လျော့နေလေသော နရသီဟပတေ့အပေါ် မကျေနပ်။ တစ်နေ့သော် ဘုရင့်ထံသို့ ပန်းကလပ် အပဲ့ကို ကိုင်ဆောင်သွား၏။ ဘုရင်ကအကြောင်းရင်းကို မေးသော် ''ပန်းပွတ်သည်မျိုးနွယ်များ ကောင်းစားနေသဖြင့် ပန်းပွတ်လုပ်ကိုင်မည့် သူမရှိပါ''ဟု တစ်ဖက်သားမခံသာ နိုင်သည့်စကားကို ''ပညာရှိသတိဖြစ်ခဲ''ပြောခဲ့လေ၏။ နရသီဟပတေ့၏ မယ်တော်မှာ ပန်းပွတ်သည်၏ သမီးဖြစ်သည်။

(ပန်းပွတ်=သစ်သား၊ ဆင်စွယ် စသည်တို့ကို ပွတ်ခံ၍ ပုံဖော်သည့် အတတ်ပညာ ဖြစ်သည်။) နရသီဟပတေ့သည် အမျက်ဒေါသ ဖြစ်ခဲ့သဖြင့် ဘုရားထီးတင်ပြီးလျှင် ငြမ်းဖျက်ရသည့် ထုံးစံရှိ၏။ ငြမ်းနှင့်တူသော ရာဇသင်္ကြံမရှိမှ ထီးနှင့်တူသော ကျွန်ုပ်တင့်တယ်မည် ဟုဆိုကာ အမတ်ကြီးအားရာထူးမှချကာ ဒလသို့နယ်နှင်ခဲ့သည်မှာ သင်ခန်းစာယူဖွယ် ဖြစ်၏။ လူ့ဘောင်လောကတွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးတစ်ခုဖြစ်သည့် စကားပြောဆိုခြင်း သည် မည်မျှအရေးပါ ကြောင်းပေါ်လွင် သိမြင်ကြပါလိမ့်မည်။ လူတို့သည် မိမိ၏ နှုတ်ထွက်စကားကြောင့်ပင် ချစ်ကြသည်။ မုန်းကြသည်ဖြစ်၍ ပီယဝါစာ ချစ်ဖွယ်သော စကားကိုဆိုခြင်းဖြင့် ပြောသူနာသူ နှစ်ဦးနှစ်ဖက်စလုံး ကောင်းကျိုးချမ်းသာ ကိုရယူနိုင်သည်ဟု စွဲမှတ်ယုံကြည်ပါက လောကတစ်ခွင်အမုန်းကင်း ပေလိမ့်မည်။ နှုတ်ချိုလျှိုတစ်ပါးဟူသော စကားကို လက်ကိုင်ထားလျှင် စကားပြောတတ်ပြီဟု ဆိုနိုင်ပေလိမ့်မည်။ ထို့ကြောင့်လည်း လူငယ်မောင်မယ်တို့ အနေဖြင့် '' စကားပြောလောကြီးခြင်း၊ မြန်ဆန်လွန်းခြင်း၊ ဂါရဝမဲ့စကားပြောခြင်း၊ အစွန်းရောက်စကားပြောခြင်း၊ လွယ်လွယ်ပြော လွယ်လွယ်ဝန်ခံခြင်း၊ တာဝန်မယူနိုင်သည့် စကားပြောခြင်း၊ ရန်လိုသော စကားပြောခြင်း၊ မည်သူ့အတွက်မျှ အကျိုးမရှိသော ကျိုးရာမဲ့သီးစကား ပြောခြင်း၊ ထိကပါး ရိကပါးရန် စကားပြောခြင်း၊ အမှန်၊ အမှား ဂရုမထားဒေါသနှင့်ပြောခြင်း၊ မေတ္တာကင်းမဲ့ကိုယ်ချင်းစာ တရားကင်းမဲ့သော စကားပြောခြင်း စသည်...စသည်'' တို့ကိုရှောင်ရှားပြီး တက်ခေတ်လူငယ် မောင်မယ်များ စကားပြောတတ် ကြပါစေရန် စေတနာစကား ပန်ကြားလိုက်ရပေသည်။ ။

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...