Social Icons

Pages

Friday, July 7, 2017

တိုင်းဒေသကြီးအတွင်းရှိ လယ်သိမ်းခံ တောင်သူဦးရေ ၂ဝဝ ကျော် အောင်မြေသာစံမြို့နယ်တွင် သပိတ်စခန်းဖွင့် ၍ဆန္ဒထုတ်ဖော်



မန္တလေး ၇-၇-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လယ်သိမ်းခံ တောင်သူဦးရေ ၂ဝဝ ကျော်သည် အောင်မြေသာစံ မြို့နယ်အတွင်းတွင် သပိတ်စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့်ပြင်စာကျေးရွာမှ လယ်သိမ်းခံ တောင်သူတစ်ဦးထံမှ သိရသည်။

မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် မတ္တရာမြို့နယ်၊ စဥ့်ကိုင်မြို့နယ် စွန်ရဲအင်းကျေးရွာတို့မှ လယ်သိမ်းခံ တောင်သူဦးရေ ၂ဝဝကျော်သည် မန္တလေး အောင်မြေသာစံမြို့နယ် မဟာဇေယျာဘုံ ရပ်ကွက် ၆၂လမ်း၊၂၄လမ်းနှင့် ၂၅လမ်းကြားတွင် ယနေ့နံနက် ၁၁နာရီကျော်မှ စတင်၍ သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။

''လုပ်ငန်းရှင်တွေ ပြောသမျှကို တိုင်းဒေသကြီး အစိုးရအဖွဲ့က လိုက်လုပ်နေကြတယ်။ တကယ့်လယ်သိမ်းခံ တောင်သူ တွေကတော့ ဒုက္ခတွေ ရောက်နေရတယ်။ ကျွန်တော်တို့ အနေနဲ့ အဓိကတောင်းဆိုချက် သုံးချက်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံကို တောင်းဆိုထား ပါတယ်။ တောင်းဆို ထားသမျှ မရမချင်း ဆန္ဒထုတ်ဖော်မှုကို ရုပ်သိမ်းသွားမှာ မဟုတ်ပါဘူး'' ဟု ၎င်းက ပြောပြသည်။

မန္တလေး တိုင်းဒေသကြီး အတွင်းရှိ လယ်သိမ်းခံ တောင်သူများ အနေဖြင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ပေးရေး၊ လယ်သိမ်းခံတောင်သူ များအရေး ကူညီသူများကို စွဲဆိုထားသည့် အမှုများ ပယ်ဖျက်ပေးရေး၊ ဖမ်းဝရမ်း ထုတ်ထားသည့် လယ်ယာမြေ သိမ်းဆည်းခံ တောင်သူများကို ပယ်ဖျက်ပေးရေး စသည့်တို့ကို တောင်းဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တရားစွဲဆိုခံ တောင်သူများနှင့် မြေသိမ်းဆည်းခံ တောင်သူလယ်သမားများ သမဂ္ဂအဖွဲ့ပေါင်းစုံတို့ ပူးပေါင်း၍ တရားဝင်ခွင့်ပြု မိန့်တင်ကာ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...