Social Icons

Pages

Friday, June 30, 2017

မရမ်းချောင်စစ်ဆေးရေး ဂိတ်တွင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းငွေကျပ်သိန်း ၂၃ဝဝ ဖိုးခန့်ကို ဒုတိယအကြိမ်ဖျက်ဆီး



ကျိုက်ထို ၃၀-၆-၂၀၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်စစ်ဆေးရေး ဂိတ်တွင် ယနေ့မွန်းတည့် ၁၂ နာရီခန့်က ဖမ်းဆီးရမိထားသော အကောက်ခွန်မဲ့ ကုန်ပစ္စည်း ငွေကျပ်သိန်း၂၃ဝဝဖိုးခန့်ကို ဒုတိယအကြိမ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ် ဖျက်ဆီးခြင်းသည် မရမ်းချောင် စစ်ဆေးရေးဂိတ်၌ မေ၃ရက်မှဇွန် ၂၆ရက်ထိ ဖမ်းဆီးသိမ်းဆည်း ထားသောပစ္စည်းများ အနက်မှ အရက်၊ဘီယာ၊ ပိုးသတ်ဆေး၊ ကွမ်းစားဆေးများကို ညွှန်ကြားချက်အရ ဖျက်ဆီး ခြင်းဖြစ်ကြောင်း မရမ်းချောင်စစ်ဆေးရေး ဂိတ်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးနေလင်းအောင်က ပြောပြသည်။

''ဂိတ်စဖွင့်တဲ့ နေ့ကနေစပြီး အပိုတင်လာတဲ့ ကုန်သွယ်ခွင့်ရ ပစ္စည်းတွေ ဖမ်းဆီးထားတာလဲ ရှိပါတယ်။ ဒါတွေကိုကျတော့ လေလံတင်တာတို့၊ ဒဏ်ငွေဆောင်ခိုင်းပြီး ပြန်ပေးတာတို့ လုပ်မှာပါ။ အခုဖျက်ဆီးတဲ့ ပစ္စည်းတွေက အရက်၊ဘီယာလို ကန့်သတ်ကုန်ပစ္စည်းတွေ မဖြစ်မနေဖျက်ဆီးရမယ့် ပစ္စည်းတွေဖြစ်လို့ ဖျက်ဆီးရတာပါ''ဟု ၎င်းက ပြောပြသည်။

မရမ်းချောင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်အခများ ပိုမိုရရှိလာသည့်အပြင် တရားမဝင်ကုန်ပစ္စည်း သယ်ဆောင်လာမှုကို တားဆီးနိုင်ကာ အများပြည်သူ စားသောက်သုံးစွဲ ရန်မသင့်သော ကုန်ပစ္စည်းများကို အထိုက်အလျောက် တားဆီးလာနိုင်ကြောင်း ၎င်းကဆက်လက်ပြော ပြသည်။

လက်ရှိဖျက်ဆီးမှုမှာ ဒုတိယ အကြိမ်ဖြစ်ပြီး ဘီယာ ၁၅မှု၊အရက်နှစ်မှု၊ ကွမ်းစားဆေး နှစ်မှု၊ပိုးသတ်ဆေး ခြောက်မှု၊စုစုပေါင်း ၂၅မှုမှ ကုန်ပစ္စည်းကာလတန်ဖိုး ငွေကျပ်သိန်း ၂၃ဝဝခန့်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...