Social Icons

Pages

Tuesday, March 14, 2017

ရန်ကုန်တိုင်းဒေသကြီး အတွင်း သတ်မှတ်စံချိန်စံညွှန်း များနှင့် ကိုက်ညီမှုမရှိသော အရက်ချက်စက်ရုံ ၈ ရုံခန့်ရှိ



ရန်ကုန် ၊ ၁၄-၃-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး အတွင်း သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိသော အရက်ချက်စက်ရုံ ၈ ရုံခန့်ရှိကြောင်း မြန်မာ့ အစိမ်းရောင် ပုံရိပ်များအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်း ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း အရက်ချက်စက်ရုံ ၁၁ ရုံရှိပြီး ယင်းစက်ရုံများ အနက် သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော အရက်ချက် စက်ရုံရှစ်ရုံမှာ ရွှေပြည်သာမြို့နယ်၌ ငါးရုံ၊ ထန်းတပင်မြို့နယ် ၌ တစ်ရုံ၊ တွံတေးမြို့နယ် ၌ တစ်ရုံနှင့် လှိုင်သာယာမြို့နယ် ၌ တစ်ရုံ တို့ဖြစ်ကြောင်း သိရသည်။

စက်မှုဇုန်နှစ်ခု ဖြစ်သည့် လှိုင်သာယာ နှင့် ရွှေပြည်သာ စက်မှုဇုန် အနီးဝန်းကျင်ရှိ ချောင်း၊ မြောင်းများနှင့် စွန့်ပစ်ရေများ စီးဝင်ရာ ပန်းလှိုင်မြစ်နှင့် လှိုင်မြစ်တို့၌ ပတ်ဝန်းကျင်နှင့် ရေနေသတ္တဝါ များအား ထိခိုက်စေသည့် ဓာတ်သတ္တု အများအပြား ပါဝင်နေပြီး လှိုင်သာယာ စက်မှုဇုန် အနီးဝန်းကျင်ရှိ ချောင်း၊ မြောင်းများနှင့် ရေထွက်ပေါက် များကို သုံးနှစ်တာ (၂ဝ၁၄ မှ ၂ဝ၁၆ ခုနှစ် ပထမခြောက်လ အထိ) လေ့လာစောင့်ကြည့် ရာ၌ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ် စေသည့် ဓာတ်သတ္တု အများအပြား ပါဝင်မှုမှာ စတင် လေ့လာခဲ့သည်မှ ယနေ့အထိ မြင့်မားနေဆဲ ဖြစ်ရာ အဆိုပါ စွန့်ပစ်ရေဆိုး ထုတ်လွှတ် နေသည့် စက်ရုံများ အတွက် ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ လိုအပ်နေကြောင်း သိရသည်။

စက်မှုဇုန်ရေများ စီးဝင်ရာ လှိုင်မြစ်နှင့် ပန်းလှိုင်မြစ် တို့အပြင် လှိုင်သာယာ စက်မှုဇုန် အနီးရှိ တွင်းရေ (အနက်ပေ ၆ဝ ခန့်)ကို လေ့လာရာ သံဓာတ်၊ ကက်ဒမီယမ်နှင့် ခဲဓာတ်များ ပါဝင်သည့်အပြင် ရံဖန်ရံခါ၌ ကြေးနီဓာတ်နှင့် အာဆင်းနစ်ဓာတ် များလည်း ပါဝင်နေသည်ကို တွေ့ရှိရပြီး လေ့လာခဲ့သည့် ရေတွင်း ခြောက်တွင်းအနက် သုံးတွင်း၏ ရလဒ်များအရ စက်မှုဇုန်၏ မြေအောက်ရေမှာ ညစ်ညမ်း နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ရွှေပြည်သာ စက်မှုဇုန်ရှိ မြောင်းရေများကို လေ့လာ စောင့်ကြည့်မှု ရလဒ်များ တွင်လည်း အန္တရာယ် ဖြစ်စေသည့် ဓာတ်သတ္တု ပါဝင်မှု မြင့်မားနေဆဲပင် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ စက်မှုဇုန်ပေါင်း ၂၄ ဇုန်၊ စက်ရုံပေါင်း ၃၄၇၄ ရုံရှိရာ အဆိုပါစက်ရုံ များ၌ ရေဆိုးမထွက်သည့် စက်ရုံများ ရှိသကဲ့သို့ ရေဆိုးထွက်ရှိသော စက်ရုံ အများအပြား ရှိကာ ယင်းစက်ရုံများမှ ထွက်ရှိသည့် ရေများသည် အနီးဝန်းကျင်ရှိ ချောင်း၊ မြောင်းများမှ တစ်ဆင့် ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ်၊ လှိုင်မြစ်နှင့် ပဲခူးမြစ် များသို့ စီးဝင်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...