Social Icons

Pages

Monday, February 13, 2017

ချွေးထွက်ခြင်း (Sweating) အမျိုးမျိုး နှင့် ရောဂါများ


ချွေးထွက်ခြင်း (Sweating) အမျိုးမျိုး နှင့် ရောဂါများ

ဒေါက်တာ လွင်သန့်

လူတို့ခန္ဓာကိုယ်မှာ တစ်ကိုယ်လုံးကို အရေပြားနဲ့ ဖုံးအုပ်ထားတယ်။ တစ်ကိုယ်လုံး အနှံ့အပြားအောက် ချွေးဂလင်းတွေ တည်ရှိနေတယ်။ ချွေးဂလင်းက ချွေးရည်စိမ့်ထွက်ခြင်း ဖြစ်စဉ်ကို ချွေးထွက်ခြင်းလို့ ခေါ်တယ်။ ယင်းအောက်ရှိ သွေးကြောငယ်များ၊ ချွေးဂလင်း တို့ရဲ့ အခြေအနေပေါ် မူတည်ပြီး ချွေးထွက်နည်းခြင်း၊ များခြင်းဖြစ်တယ်။

ပြင်ပစိုထိုင်းမှုများပြီး အပူချိန် မြင့်တက်ကာ လေတိုက်ခတ်နှုန်း နည်းနေရင် ချွေးသီးချွေးပေါက် အနေနဲ့ ချွေးထွက်နိုင်တယ်။ အပူချိန်နိမ့်ကျပြီး လေတိုက်ခတ်နှုန်း မြန်ရင် ချွေးထွက်နည်းပြီး အငွေ့ပြန်နှုန်း မြန်ဆန်လို့ ချွေးသီးချွေးပေါက် မမြင်နိုင်ဘူး။

အလွန်အေးတဲ့ နေ့မှာ လူတစ်ယောက် အနေနဲ့ ချွေးမထွက် သလောက် ရှိနိုင်သလို လေအေးစက် အခန်းထဲမှာ အလုပ်လုပ် နိုင်သမျှ ချွေးထွက်နည်း ပါတယ်။ အလွန် ပူအိုက်တဲ့နေ့မှာ ချွေးရှစ်ပုလင်းထိ ချွေးထွက်နိုင် ပါတယ်။ အရေပြားနဲ့ ယင်းအောက်၌ သွေးကြောငယ်တွေ ကျယ်ပြန့် သွေးစီးနှုန်း ကောင်းမွန် မြန်ဆန်ရင် ချွေးထွက်များပြီး ခန္ဓာကိုယ်မှ ပြင်ပကို အပူပိုမိုထွက် စေတယ်။ ချွေးဂလင်းတွေ ထိန်းချုပ် လှုံ့ဆော်ပေးတဲ့ အာရုံကြော တွေထံ လှုံ့ဆော်ခြင်း ပိုမိုခံစား ရရင်လည်း ချွေးပိုမို ထွက်လေ့ ရှိပါတယ်။

ချွေးထွက်ခြင်းအကျိုးကျေးဇူး

ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အကျိုးရှိတယ်။ ချွေးငွေ့ရည် ပြန်ခြင်းဟာ ခန္ဓာကိုယ်တွင် ပိုလျှံတဲ့အပူကို ပြင်ပထွက်စေလို့ ခန္ဓာကိုယ် အပူချိန်ကို ရှိသင့်ရှိထိုက်တဲ့ အခြေအနေမှာ ထိန်းပေးထားတယ်။ လူဟာ သွေးနွေးသတ္တဝါ ဖြစ်လို့ ပြင်ပအပူချိန် လိုက်ပြီး ချွေးထွက်မှု အနည်းအများ ကွာခြားပါတယ်။ သာမန် လူတစ်ယောက် ရှိသင့်တဲ့ ကိုယ်အပူချိန်မှာ ပါးစပ်အတွင်း ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက် ဖြစ်တယ်။ အရေပြားမှာ ရှိသင့်တဲ့ အပူချိန်ဟာ ၃၃ ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပြီး အရေပြား အပူချိန်ဟာ ၃၄ ဒသမ ၅ ဒီဂရီ ရောက်တဲ့အခါ ချွေးစတင် ထွက်လေ့ရှိတယ်။

ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေး တစ်စိတ် တစ်ဒေသကို ထုတ်ပစ်နိုင်တယ်။ ချွေးမှာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အညစ်အကြေးတွေ ဖြစ်တဲ့ ယူရီးယား အဆီအက်စစ်ဓာတ်တွေ ပါဝင်တယ်။ ချွေးထွက်နည်း ရင် ခန္ဓာကိုယ်တွင်း အညစ်အကြေးကို ကျောက်ကပ်က ကျင်ငယ်ရည် အဖြစ် ပိုထုတ်ပေးတယ်။ အေးတဲ့ရာသီမှာ ပူတဲ့ရာသီထက် ပိုပြီး ကျောက်ကပ် အလုပ်လုပ်ကာ ဆီးပိုသွားရလေ့ ရှိပါတယ်။ ချွေးဟာ အရေပြားကို အမြဲစွတ်စို နေလို့ အရေပြား ခြောက်သွေ့ခြင်းမှ ကာကွယ်ပေး နိုင်တယ်။ ယင်းကို နှိုးဆွစေတဲ့အရာ တွေနဲ့ ပိုးမွှားတွေကို ချွေးက ဆေးကြောပေးနိုင်တယ်။

ချွေးထွက်ခြင်းအမျိုးမျိုး

စိတ်လှုပ်ရှားတဲ့အခါ အလွန်ပင် ကြောက်လန့် တုန်လှုပ်တဲ့အခါ၊ နာကျင်လွန်းတဲ့ အခါ၊ သွေးထွက်လွန်ပြီး မေ့မြောခါနီး မှာလည်း ချွေးထွက်တတ်တယ်။ ခြေဖဝါး၊ လက်ဖဝါးမှ ချွေးထွက်လေ့ ရှိပါတယ်။ သာမန် ပူအိုက်ချိန်၊ ကိုယ်လက် လှုပ်ရှားချိန် ချွေးထွက်ရာမှာ ခန္ဓာကိုယ် အရေပြား တစ်ခုလုံးမှ ဖြစ်ပြီး နဖူး၊ နှုတ်ခမ်း အပေါ်ပိုင်း၊ လည်ပင်း၊ ရင်ဘတ်၊ ကျောတို့မှ ချွေးထွက်တာကို သတိထားမိ ကြတယ်။

ချွေးထွက်ခြင်း နှစ်မျိုးလုံးကို အာရုံကြော အဖွဲ့အစည်းက ထိန်းချုပ်လှုံ့ဆော် ပေးတယ်။ စိတ်လှုပ်ရှားခြင်း ကြောင့်ဖြစ်တဲ့ ချွေးထွက်ခြင်းမျိုးကို ဦးနှောက် အပြင်ပိုင်းရှိ ဗဟိုဌာနမှ ထိန်းချုပ် ကွပ်ကဲတယ်။ ကိုယ်ခန္ဓာတွင်း အပူချိန်လိုက် ဖြစ်ပေါ်တဲ့ သာမန် ချွေးထွက်ခြင်းကို ဦးနှောက်တွင်းရှိ အမြင့်စား အာရုံကြော အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ 'ဟိုက်ပိုသားလမတ်' ရဲ့ အရှေ့ပိုင်းရှိ ခန္ဓာကိုယ် အပူချိန်ကို ထိန်းချုပ်ပေးတဲ့ ဗဟိုဌာနမှ ထိန်းချုပ်ကွပ်ကဲ ပေးတယ်။ ချွေးထွက်ခြင်းတွေ အသီးသီး ထိန်းချုပ် ကွပ်ကဲထားပေမယ့် တစ်ခါတစ်ရံ အကြောင်း အမျိုးမျိုးကြောင့် ချွေးထွက် လွန်ခြင်း၊ ချွေးထွက်နည်းခြင်း စတဲ့ ချွေးနှင့်ဆိုင်ရာ ဝေဒနာအမျိုးမျိုး ဖြစ်တတ်ပါတယ်။

ချွေးထွက်လွန်ကဲခြင်း 

ချွေးထွက် လွန်ကဲခြင်းမှာ တစ်ကိုယ်လုံး ချွေးထွက် လွန်ကဲခြင်းနဲ့ ခန္ဓာကိုယ် တစ်နေရာရာမှာသာ ချွေးထွက် လွန်ကဲခြင်း ဆိုပြီး နှစ်မျိုးရှိတယ်။ ပြင်းထန်တဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းများ၊ ကိုယ်ခန္ဓာ အပူချိန်များပြားတဲ့  အခြေအနေများ ဥပမာ-ဖျားနာခြင်း၊ ပြင်ပအပူချိန် အလွန်များနေခြင်း၊ ပြင်းထန်စွာ စိတ်လှုပ်ရှားခြင်း၊ သွေးလန့်တုန်လှုပ် မေ့မြောခြင်းနဲ့ တစ်ခါတစ်ရံ အမျိုးသမီးတွေ ရာသီလာစဉ်၊ ရာသီသွေးဆုံးတဲ့ အရွယ်တွေမှာ တစ်ကိုယ်လုံး ချွေးထွက်လွန်ကဲ တတ်တယ်။

အဆုတ်တီဘီ ရောဂါမှာ ညဘက် ချွေးထွက်လွန်ကဲ တတ်တယ်။ ငှက်ဖျားရောဂါ တက်စဉ် ချမ်းတုန်ပြီး ကိုယ်အလွန်ပူခြင်း၊ ချွေးသီးချွေးပေါက် ထွက်ခြင်း အဆင့်ဆင့် ဖြစ်တတ်တယ်။ လည်ပင်းရှိ သိုင်းရွိုက်ဂလင်း လုပ်ငန်း လွန်ကဲခြင်း၊ ကလေးများမှာ ဖြစ်တဲ့ ဗီတာမင်စီ ချို့တဲ့ရောဂါ တို့မှာ ချွေးထွက်များ တတ်တယ်။ အရက်၊ ဘီယာနဲ့ အပူကျဆေးတွေ သောက်ရင်လည်း ချွေးပိုမိုထွက်တယ်။ နေရာအလိုက် သီးခြား ချွေးထွက်များခြင်း မျိုးကို အာရုံကြော အဖွဲ့နဲ့ဆိုင်တဲ့ ရောဂါတွေမှာ တွေ့ရတယ်။ ဦးနှောက် အသားပို အကျိတ်ဖြစ်ခြင်း၊ ကျောရိုးမှ အာရုံကြောမ ကြီးနဲ့ အခြား အာရုံကြောများ ထိခိုက်ခြင်းတို့မှာ ဖြစ်လေ့ရှိတယ်။ အချို့ စိတ်ရောဂါ တွေမှာ လက်ဖဝါးနဲ့ ခြေဖဝါး ချွေးထွက်လွန်ကဲ တတ်တယ်။

ချွေးထွက်လွန်ကဲတဲ့ အခါ ချွေးနဲ့အတူ ဆားဓာတ်တွေ ပါဝင်သွားလို့ ခန္ဓာကိုယ်မှာ ဆားဓာတ် နည်းသွားတတ်တယ်။ ချွေးထွက်များပြီး ရေကိုပိုသောက်တဲ့ အခါမှာ သွေးအတွင်း ဆားဓာတ်ပါဝင်မှု အချိုးအဆ ပိုပြီး နည်းသွား တတ်တယ်။ အားကစား သမားတွေ၊ အလွန်ပင်ပန်းစွာ အလုပ်လုပ်တဲ့ လုပ်သားတွေ ဆားများများ စားပေးဖို့၊ ဆား၊ ဆေးပြား သောက်ဖို့၊ ဓာတ်ဆားရည် သောက်ဖို့ အကြံပေးကြတယ်။

ချွေးထွက်နည်းခြင်း 

ချွေးထွက် အလွန်နည်းခြင်း ဟာ အလွန်ရှားတဲ့ မွေးရာပါရောဂါ ဖြစ်တယ်။ တစ်ကိုယ်လုံး သို့မဟုတ် ခန္ဓာကိုယ် တစ်နေရာရာမှာ ချွေးထွက်နည်းခြင်း ဖြစ်နိုင်တယ်။ ချွေးလုံးဝ မထွက်ခြင်း၊ အလွန်နည်းပါးစွာ ထွက်ခြင်း ဖြစ်နိုင်တယ်။ အာရုံကြောအဖွဲ့နဲ့ ဆိုင်ရာရောဂါများ၊ သွိုင်းရွိုက်ဂလင်း လုပ်ငန်း ချို့ယွင်းမှုရောဂါ များမှာ ချွေးထွက်နည်း တတ်တယ်။ အချို့ မျိုးရိုးလိုက်ပြီး မွေးရာပါ ချို့ယွင်းချက် အရ ချွေးထွက် နည်းတယ်။

ချွေးနံ့ပြင်းထန်ခြင်း

ချွေးထွက်စမှာ ချွေးဟာ ပိုးမွှား ကင်းစင်ပြီး အရေပြားပေါ်မှာ ကြာလာတဲ့အခါ ဗက်တီးရီးယား ပိုးမွှားများ ဝင်ရောက် ပေါက်ဖွားလာပြီး ယင်းတို့ကြောင့် ချွေးမှာ ကစော်ဖောက်ခံ ရသလိုဖြစ်ကာ ဗက်တီးရီးယား ပိုးမွှားများ ပိုဝင်ရောက် ပေါက်ဖွားလာပြီး ချွေးနံ့ပြင်းထန် လာတယ်။ သာမန်ထက် ပိုမိုဆိုးရွား ပြင်းထန်တဲ့ ချွေးနံ့နံခြင်း ကို သွေးအတွင်း ယူရီးယားဓာတ် များနေခြင်း၊ ဗီတာမင်စီ ချို့တဲ့ရောဂါ၊ အဆုတ်ရောင် ရောဂါ၊ ပြင်းထန်တဲ့ လေးဖက်နာ ရောဂါ၊ အူရောင်ငန်းဖျား ရောဂါတို့မှာ တွေ့ရတယ်။ အမှန်မနံပါဘဲ မိမိကိုယ်တိုင် ချွေးစော် အလွန်နံတယ်လို့ ထင်တဲ့စိတ်ရောဂါ ရှိတယ်။

ချွေးအရောင်ပြောင်းခြင်း

သာမန်ရိုးရိုး ချွေးထွက်ခြင်း မှာ ချွေးက အရောင်မရှိပါ။ အရောင်ရှိ ချွေးထွက်ခြင်း သို့မဟုတ် ချွေးအရောင် ပြောင်းခြင်းကို ခန္ဓာကိုယ်မှ ပိုမိုနေတဲ့ သတ္တုဓာတ် ပစ္စည်းများ ဥပမာ-သံ၊ ကြေးနီ တို့ အညစ်အကြေး အဖြစ် ချွေးမှစွန့်ထုတ် ရာမှာလည်းကောင်း၊ ချွေးအတွင်း အရောင်ခြယ် ပစ္စည်းများ ထုတ်လုပ်တဲ့ ဗက်တီးရီးယား ပိုးမွှားများ ပေါက်ဖွားရာမှာ လည်းကောင်း၊ အချို့ဓာတုပစ္စည်း စက်ရုံလုပ်သား များမှာ လည်းကောင်း တွေ့ရတယ်။ 

အပြာရောင် ချွေးတွေ ထွက်တတ်တယ်။ အကြောင်းရင်းကို လိုက်ပြီး အနီ၊ အစိမ်း၊ အဝါ၊ အနက် စတဲ့အရောင်ရှိတဲ့ ချွေးတွေ ထွက်တတ်တယ်။

မိတ်ဖုထွက်ခြင်း 

တစ်ခါတစ်ရံ အရေပြားရှိ ချွေးထွက်စေတဲ့ ပြွန်ငယ်လေးများ အကြောင်း တစ်ခုခုကြောင့် ပိတ်ဆို့တဲ့အခါ ချွေးများ ပြင်ပကို မထွက်နိုင်တော့လို့ အရေပြား ကသိကအောက် ဖြစ်စေပြီး အလွန်ယားယံ စေတဲ့အဖု ကလေးတွေ အသွင် ပေါ်ပေါက်လာ တတ်တယ်။ ယင်းဖြစ်စဉ်ကို မိတ်ဖုထွက်ခြင်း၊ မိတ်ပေါက်ခြင်း ခေါ်တယ်။ နွေရာသီလို ရာသီဥတုပြင်းထန်တဲ့ ကာလမှာ မိတ်ပေါက် လေ့ရှိတယ်။ အရေပြားနူးညံ့တဲ့ ကလေးငယ်နဲ့ ဝတဲ့သူများမှာ ပိုပြီး ဖြစ်တတ်တယ်။ မိတ်ဖု မထွက်စေဖို့ ပူအိုက်တဲ့ ရာသီဥတုမှာ အဝတ်ကြမ်း ဝတ်ခြင်း၊ အရေပြား အပေါက်ငယ်များ ပိတ်ဆို့စေတဲ့ အဆီများ လိမ်းကျံခြင်းတို့ ရှောင်ပြီး ချောင်ချိတဲ့ အဝတ်များဝတ်ကာ နေ့စဉ် ရေမှန်မှန်ချိုး ရမယ်။ 

နေပူထဲထွက်ရင် လုံလောက်တဲ့ အဆောင်းပါရမယ်

ချွေးထွက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီး လှကြောင်း၊ ကျန်းမာခြင်းရဲ့လက္ခဏာ တစ်ရပ်ဖြစ်ကြောင်း ခြုံငုံသိသာ နိုင်ပါတယ်။ ကျန်းမာရေးကို လိုလားတဲ့ လူသားတိုင်း နေ့စဉ်နာရီဝက်မှ တစ်နာရီအထိ အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) တစ်ခုခုလုပ်သင့် ပါတယ်။ ချွေးမှန်မှန် ထွက်ပြီး ခန္ဓာကိုယ်တွင်း အဆီပိုများ စုဆောင်းခြင်း ကင်းကာ ဣရိယာပုတ် မျှတစေပါတယ်။ ချွေးနဲ့ဆိုင်တဲ့ ရောဂါဝေဒနာများ မဖြစ်စေဖို့ အဓိက အနေနဲ့ နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးဂရုပြု ဆောင်ရွက်ရမယ်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...