Social Icons

Pages

Tuesday, February 14, 2017

အာဖဂန်နစ္စတန်၌ ပထမဆုံးစစ်ရေး ပူးပေါင်းမှု စတင်တော့မည့် အမေရိကန် နှင့် ရုရှား


US special forces in Afghanistan

The former Afghan President Hamid Karzai has said the US President Donald Trump and Russian President Vladimir Putin must work together on Afghanistan.

( ဘာသာပြန် - ရှိန်းထက် )

ရုရှားနှင့် အမေရိကန်တို့ ပြန်လည် ပေါင်းစည်းခန်းကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် မြင်တွေ့ရမည်ဟု လူတိုင်းက မျှော်လင့်နေသည့် အတိုင်းပင် ယခု ဥရောပပြင်ပ အရှေ့ကမ္ဘာခြမ်း တွင် ရုရှားနှင့် အမေရိကန်တို့ ပေါင်းစည်းရေး ဇာတ်လမ်းက စလာပြီဖြစ်သည်။

အရှေ့အလယ်ပိုင်း တွင် လုံခြုံရေး အားအနည်းဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သော အာဖဂန်နစ္စတန်နိုင်ငံ ရှိ အမေရိကန်စစ်တပ် အားလုံးကို ယခုနှစ်တွင် ပြန်ရုပ်သိမ်း နိုင်ရေးအတွက် သမ္မတ အိုဘားမား လက်ထက်က စီစဉ်ထား သော်လည်း ကိုယ်ပိုင်ကာကွယ်ရေး အခန်းကဏ္ဍကို ကောင်းမွန်စွာ မကိုင်တွယ်နိုင် သေးသော အာဖဂန်နစ္စတန် စစ်တပ်ကြောင့် သမ္မတ အက်ရှ်ရပ်ဂါနီ က သမ္မတ အိုဘားမား ကို နောက်ထပ်ကာလ တစ်ခုအထိ အမေရိကန်စစ်တပ် ထပ်ထားပေးရန် တောင်းပန် ခဲ့ရသည်။

ထို့ကြောင့် အာဖဂန်နစ္စတန်တွင် အမေရိကန်တို့ ယခုအချိန်ထိ ဆက်ရှိနေခြင်း ဖြစ်သည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းတွင် ထိပ်ဆုံးနိုင်ငံ ဖြစ်သည့် အာဖဂန်နစ္စတန် သည် နိုင်ငံတကာ၏ ထောက်ပံ့မှုဖြင့် ရှင်သန် နေရသည့်နိုင်ငံ ဟုဆိုလျှင် မှားမည် မဟုတ်ဘဲ စစ်ဘက်ဆိုလျှင် အမေရိကန်၏ ကျောထောက် နောက်ခံဖြင့်သာ ရှင်သန်နေရသည်။ အမေရိကန်တို့က အာဖဂန်နစ္စတန် ၏ ကိုယ်ပိုင် ကာကွယ်ရေး စစ်တပ်အား နိုင်ငံလုံခြုံရေးကို တာဝန်ယူနိုင်ရန် ပူးတွဲလေ့ကျင့်မှု များပေးခဲ့သော်လည်း ယခုအချိန်ထိ အာဖဂန်နစ္စတန် စစ်ဘက်က အားနည်း နေသေးသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုလျှင် အထူးအဖွဲ့ ဖွဲ့ထားသည်မှာ နှစ်နှစ်ကျော်သည့် အချိန်ကို ရောက်ရှိလာပြီ ဖြစ်သည်။ ယင်းအချိန်အတွင်း ပြောပလောက်စရာ စွမ်းဆောင်နိုင်ခြင်းမျိုး မရှိဘဲ အပိုအဖွဲ့ကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုကြားထဲတွင် တာလီဘန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကလည်း အဆင်မပြေ သောကြောင့် အာဖဂန်နစ္စတန် စစ်တပ်နှင့် တာလီဘန်တို့ နေ့စဉ်ထိပ်တိုက် ရင်ဆိုင်နေရသည်။

ယခုလက်ရှိ အာဖဂန်နစ္စတန် သမ္မတ ဂါနီ သည် တာလီဘန် အကြမ်းဖက် သမားများကို အပြုတ်တိုက် ပေးမည်ဆိုသည့် ကြွေးကြော်မှုဖြင့် သမ္မတဖြစ်လာသူ ဖြစ်သည်။ သို့သော်လည်း အောင်မြင်အောင် တစ်ခုမျှ မဆောင်ရွက်နိုင် သေးပေ။ ထို့ကြောင့် သမ္မတဂါနီမှာ နာမည်အပျက်ကြီး ပျက်နေသည်။ မရသည့် အဆုံးတွင် အာဖဂန်နစ္စတန် အစိုးရသည် အရှေ့အလယ်ပိုင်း ဘက်ကို စစ်ရေးအရ နယ်ချဲ့လာ နေသည့် တရုတ်နှင့်လည်း သွားပေါင်းရသည်။

တရုတ်က အာဖဂန်နစ္စတန် တွင် စစ်ရေးအရ နယ်ချဲ့လာသည့် ပထမဆုံး အကြောင်းရင်းမှာ ၄င်းတို့၏ အာဖဂန်နစ္စတန်တွင် ချဲ့ထွင်မည့် စီးပွားရေးစီမံကိန်း များကိုကာကွယ်ရန် ဖြစ်သည်။ တရုတ်နည်းတူပင် အာဖဂန်နစ္စတန် သည် ၄င်းနိုင်ငံ အတွက် အကျိုးရှိပါက မည်သူနှင့်မဆို ပေါင်းသင်း ဆက်ဆံရမည့် အနေအထားတွင် ရှိသည်။ ယခု အမေရိကန်သမ္မတ သစ်က နိုင်ငံတကာ ထောက်ပံ့ရေးကို လျှော့ချမည်ဟု လည်းပြော နေသည်။

ထိုအတိုင်းဆိုလျှင် အာဖဂန်နစ္စတန် စစ်ဘက် အတွက်လည်း ထောက်ပံ့ရေးကို လျှော့ချမည်မှာ ကျိန်းသေနေသည်။ ၂ဝ၁၅ ခုနှစ်အတွက် နိုင်ငံတကာသို့ အမေရိကန် ၏ ထောက်ပံ့ငွေသည် အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံကျော် အထိရှိသည်။ အာဖဂန်နစ္စတန် တစ်နိုင်ငံတည်း ကိုပင် ထောက်ပံ့ငွေမှာ ၂ဝ ဘီလီယံ နီးပါးရှိနေပြီ ဖြစ်သည်။ ထရမ့်၏ မူဝါဒအရ နှစ်စဉ် ဘီလီယံနှင့်ချီ သည့် ထောက်ပံ့မှုမှ သန်းရာဂဏန်း အထိလောက်ပဲ ရှိနိုင်တော့မည် ဖြစ်သည်။

ထို့ကြောင့် ယခုအာဖဂန်နစ္စတန် သည် တရုတ်နှင့် ရုရှားတို့ကို ပေါင်းနေရ သကဲ့သို့ ၄င်းနိုင်ငံ၏ လုံခြုံရေးအတွက် မည်သူ့ကိုမဆို လက်ကမ်း နေရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်က ဆိုဗီယက် (ယခု ရုရှား) တို့ အာဖဂန်နစ္စတန်ကို ကျူးကျော်ပြီး ပြန်လည်ထွက်ခွာ ခဲ့သည်မှာ နှစ်ပေါင်း ၂ဝ ရှိသွားပြီဖြစ်သည်။ ယခုတော့ အာဖဂန်နစ္စတန်နှင့် ရန်သူတော်ကြီး ရုရှားကမဟာမိတ်များ ဖြစ်နေပြီဖြစ်သည်။

စစ်ဘက်အတွက် အလိုအပ်ဆုံး ဖြစ်နေသည့် အချိန်တွင် ရိုင်ဖယ်အလက် သောင်းနှင့်ချီကာ ရုရှားက အာဖဂန်နစ္စတန်ကို ထောက်ပံ့ပေးပြီး တခြားစစ်ရေး အကူအညီ များကိုပေးရန် ထပ်မံ ကမ်းလှမ်းသည်။ တာလီဘန် တို့နှင့် ငြိမ်းချမ်းရေးေ ဆွးနွေးပွဲများကို ကြားကနေ ဦးဆောင်ပေးပြီး အာဖဂန်နစ္စတန် အစိုးရ၏ ယုံကြည်မှုကို ယူသည်။ ထို့နောက် စီးပွားရေးနှင့် စစ်ရေးမဟာမိတ် အဖြစ် ရုရှားတို့ တည်ဆောက်သည်။

တရုတ်တို့ အာဖဂန်နစ္စတန် တွင်လုပ်သည့် အကွက်ဖြစ်သည်။ တရုတ်တို့က စစ်ရေးအရ အာဖဂန်နစ္စတန်ကို အရင် ထောက်ပံ့သည်။ ထို့နောက် ၄င်း၏စီးပွားရေးကို အာဖဂန်နစ္စတန် တွင် အထိုင်ချသည်။ တာလီဘန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထပ်လုပ်ပေးသည်။ နောက်ပိုင်း အာဖဂန်နစ္စတန်တွင် အမေရိကန်တို့ ထွက်သွားပြီး လုံခြုံရေးကို တရုတ်က အဓိကဦးဆောင် မည်ဟုပင် ဝေဖန်ခံ နေရသေးသည်။ ယခုတော့ အာဖဂန်နစ္စတန် ကို မျက်စိကျနေသည့် အထဲတွင် ရုရှားကလည်း ထိပ်ဆုံးက ပါနေပြီဖြစ်သည်။ စစ်ရေးအရ တစ်ယောက်တည်း အာဖဂန်နစ္စတန်ကို လုံခြုံမှုပေးမည် ဆိုလျှင် အမေရိကန် ကဲ့သို့ပင် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ထောက်ပံ့ပေးရမည်။ ဘီလီယံနှင့်ချီ ထောက်ပံ့ နေသည်ကိုပင် လုံခြုံရေးကို အာဖဂန်နစ္စတန်တွင် အမေရိကန်တို့ အပြည့်အဝ မပေးနိုင်ပေ။ ထို့ကြောင့် အာဖဂန်နစ္စတန် တွင် အမေရိကန်တို့ နိုင်ငံခြား စစ်ရေးဗျူဟာ ကျရှုံးနေသည်ဟု ကမ္ဘာကျော် ခဲ့ခြင်းဖြစ်သည်။

ယခု ထရမ့်သမ္မတ ဖြစ်လာသည့် အခါ ရုရှားအတွက် အရှေ့အလယ်ပိုင်း အာဖဂန်နစ္စတန်တွင် စစ်ရေးနှင့် စီးပွားရေးကို အဓိက ဦးဆောင်ရန် အခွင့်အရေး ရသွားပြီဖြစ် သည်။ အာဖဂန်နစ္စတန် ဆိုင်ရာ ရုရှားသံ အမတ်က အမေရိကန်ကို အာဖဂန်နစ္စတန် တွင် စစ်ရေးအရ ပူးပေါင်းရန် တရားဝင် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။ ထို့ပြင် အာဖဂန်နစ္စတန် ၏ စစ်ရေးကို တာဝန်ယူထား ရသည့် အမေရိကန် ကလည်း ထို ဝန်ထုပ်ဝန်ပိုးကို လျှော့ချချင် နေသည်မှာ ကြာနေပြီ ဖြစ်သည်။

ယခု ထရမ့် တက်လာတော့ ရုရှားနှင့်လည်း အဆင်ပြေ နေသောကြောင့် အရှေ့ အလယ်ပိုင်း အာဖဂန်နစ္စတန် တွင် စစ်ရေး စရိတ်ထောင်း နေမှုကို ရုရှားနှင့်မျှခံ နိုင်တော့မည် ဖြစ်သည်။ မကြာမီ ထရမ့်နှင့် ပူတင် တို့ အရှေ့ အလယ်ပိုင်းက အာဖဂန်နစ္စတန် လုံခြုံရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးတော့မည် ဖြစ်သည်။ ထရမ့်က ရုရှား ထောက်လှမ်းရေး များကို အိုဘားမား အစိုးရလက်ထက် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထား သည်ကိုပင် မရရအောင် ပယ်ဖျက် ပေးသူဖြစ်သည်။

ထို့ကြောင့် ရုရှား၏ ကမ်းလှမ်းမှုကို အမေရိကန် ဘက်က ဝန်ထုပ်ဝန်ပိုး ဖြစ်နေလျှင်တောင်မှ ထရမ့် လက်ထက်မှာ အကောင်အထည် ပေါ်လာမည်ဟု ဝေဖန်ခံထားရသူ ဖြစ်သည်။ ယခု အခြေအနေက ဝန်ထုပ်ဝန်ပိုး မဖြစ်သည့်အပြင် အမေရိကန် အတွက် အကျိုးပင် ရှိနေသည်။ ထို့ပြင် ထရမ့်လိုချင်သည့် ရုရှားနှင့် ပူးပေါင်းရေး ပထမအစ ခြေလှမ်း ဖြစ်လာမည် ဖြစ်သည်။

ထို့ကြောင့် အာဖဂန်နစ္စတန် တွင် အမေရိကန်နှင့် ရုရှားပူးပေါင်း စစ်ဆင်ရေးများ မကြာမီမြင်တွေ့ ရတော့မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...