Pages

Tuesday, February 28, 2017

ခံနိုင်ရည်ကို မွေးမြူပါ


ခံနိုင်ရည်ကို မွေးမြူပါ

ကြည်လွင်မြင့် (မုဒြာ)

လူ့ဘဝဟူသည် ရခဲလှသည် ဆိုသော်လည်း ရလာပြန်သော အခါတွင်လည်း ပတ်ဝန်းကျင် နှစ်မျိုးနှင့် ရင်ဆိုင် ရပြန်သည်။ ထိုပတ်ဝန်းကျင် နှစ်မျိုးမှာ -
၁။ သဘာဝပတ်ဝန်းကျင် နှင့်
၂။ လူ့ပတ်ဝန်းကျင် တို့ဖြစ်လေသည်။
ဤပတ်ဝန်းကျင်နှစ်မျိုးနှင့် လိုက်လျောညီထွေ ဖြစ်အောင် မနေနိုင်သော သူများမှာ အသက်တို ရမည်သာ ဖြစ်လေသည်။

စာရေးသူသည် ကျန်းမာရေး ဆောင်းပါးများသာ ရေးသားသူ ဖြစ်သဖြင့် လူ့ပတ်ဝန်းကျင် အကြောင်းကို မရေးသားနိုင်ပါ။ လူ့ပတ်ဝန်းကျင်သည် အတွေးအခေါ် ပိုင်းဆိုင်ရာ၊ ဝါဒဆိုင်ရာ၊ လူမျိုးရေး ဆိုင်ရာ၊ ဘာသာရေး ဆိုင်ရာတို့နှင့် အလွန်ရှုပ်ထွေး လှသဖြင့် ဤအကြောင်း အရာမှာ အလွန် ကျယ်ပြန့်လွန်း ပါသည်။ ဆေးဆရာ တစ်ဦးအနေဖြင့် လက်လှမ်းမမီ နိုင်ပါ။

လူတို့၏ ကျန်းမာရေး၊ အသက်ရှင်ရေးနှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင် အကြောင်းကို ရေးသားလို ပါသည်။ သဘာဝ ပတ်ဝန်းကျင်တွင် (၁) ရာသီဥတု၊ (၂) အနေအထိုင်၊ (၃) အစားအသောက်၊ (၄) အပြုအမူ တို့သည် ကျန်းမာရေးနှင့် ဆက်နွှယ်နေသော အခြေခံ အချက်များ ဖြစ်သည်။

ထိုအချက်များ တွင်လည်း ရာသီဥတု ဟူသောအချက် မှာ သူ့ အလိုအလျောက် ရေမြေတောတောင် သဘာဝ အခြေခံ၊ မိုးလေဝသ အခြေခံအပေါ် မူတည်၍ ပြောင်းလဲ နေခြင်းဖြစ်သဖြင့် လူတို့က မပြောင်းလဲ နိုင်သောအရာ ဖြစ်သည်။

နံပါတ် (၂) အနေအထိုင်မှာလည်း မိမိလိုချင်သလို မဖြစ်နိုင်။ ဆင်းရဲချမ်းသာ အပေါ်မူတည်ပြီး ကံအကြောင်း တရားကြောင့် တဲအိမ်တွင် နေရသည်။ တိုက်အိမ်တွင် နေရသည်။ သန့်ရှင်းသော အရပ်ဒေသတွင် နေရသည်။ ညစ်ပတ်နံစော်သော၊ လူနေထူထပ်သော နေရာတွင် နေရသည် စသည်ဖြင့် မိမိတို့ မိသားစုလိုက် စီးပွားရေး အဆင်ပြေရာတွင် ရသောဝင်ငွေ အဆင့်အတန်းဖြင့် နေကြရသဖြင့် တစ်ခါတစ်ရံတွင် မိမိနေချင်သလို ဖန်တီး၍ မရနိုင်ပေ။ ပျော်ရာမှာမနေရ၊ တော်ရာမှာ နေရသည့် အခါများလည်း ရှိနိုင်ပေသည်။

မိမိဘဝ အခြေအနေအရ တဲပေါ်မှာ နေသူသည် တိုက်ပေါ်မှာ နေချင်၍ မရနိုင်ပေ။ စိတ်ကူးယဉ် နေမည့်အစား ကြိုးစားမှရမည်။ တိုက်ပေါ်မှာနေပြီး မွန်းကျပ်နေသူ မှာလည်း တောရိပ်တောင်ရိပ်၊ ကန်ရေပြင်ကျယ် နှင့် အေးမြသော၊ လေကောင်းလေသန့် ရသောနေရာကို မက်မော ပေလိမ့်မည်။ သို့သော် မိမိအသက်မွေး ဝမ်းကျောင်းနှင့် စီးပွားရေး ရှိသောနေရာ မှာသာ တစ်သက်လုံး မွန်းကျပ်စွာ နေသွားရ တတ်သည်။ ဤသည်မှာ ပြောင်းလဲချင်တိုင်း ပြောင်းလဲမရသော ဘဝအခြေအနေ များဖြစ်သည်။

သို့သော် ကျန်းမာရေး ရှုထောင့်နှင့် မညီသော အနေအထိုင် များကို ကိုယ်တိုင်ပြုပြင် ယူရမည့် အရာများလည်း ရှိသည်။ သဘာဝထက် လွန်ကဲ၍ အအေးကြိုက်ခြင်း၊ အအေးခံလွန်းခြင်း၊ ဥပမာအားဖြင့် အင်္ကျီချွတ် နေခြင်း၊ ပန်ကာလေ ခံခြင်း၊ အဲယားကွန်းကို အအေးချိန် လွန်ကဲအောင် ဖွင့်နေခြင်း၊ တံခါးပေါက်ဖွင့်ပြီး လေတိုက်ခံ အိပ်ခြင်း၊ အချိန်မဲ့အခါမဲ့ ရေချိုးခြင်း၊ အချိန်ကြာမြင့်စွာ အအေးခံပြီး ရေချိုးခြင်း စသည်များကို ကိုယ်တိုင် မဆင်ခြင်သဖြင့် အအေးပက်ခြင်း နှင့် နောက်ဆက်တွဲ အအေးပတ်၍ လေဖြတ်ခြင်း၊ ယခုခေတ်စား နေသော Heat Stroke ရခြင်းများ ဖြစ်နိုင်သည်။

အပူလွန်ကဲသော ရာသီများတွင် လူတိုင်းပင် အအေးကို ရှာကြသည်။ ငွေကြေး တတ်နိုင်လျှင် ပြင်ဦးလွင် (မေမြို့)ကဲ့သို့ အေးသောအရပ် ကို ပြောင်းရွှေ့ နေကြသည်။ အလုပ်ကြောင့် မသွားနိုင်သော အခါ အဲယားကွန်း ခန်းဖြင့် နေကြသည်။ ဤသည်မှာ ငွေကြေး တတ်နိုင်သူများ အတွက်ဖြစ်သည်။ ငွေကြေး မတတ်နိုင်သူများ အတွက်မှာ ခံနိုင်ရည်ကို မွေးယူကြဖို့ဖြစ်သည်။ သဘာဝအရ အအေးဓာတ်ရှိသော သစ်ရိပ်ဝါးရိပ် မရှိသောအခါ ပန်ကာလေပင် အသုံးမပြုနိုင် သောအခါ ခံနိုင်ရည်ကို မွေးယူရမည် ဖြစ်သည်။ ပါးသောအင်္ကျီ၊ လုံချည်၊ ချည်ထည် စသည်တို့ကို ဝတ်ပြီး ငြိမ်သက်စွာနေလျှင် အပူဒဏ်ကို ခံနိုင်သည်။ သင်ဖြူးဖျာ၊ မြက်ဖျာတို့ဖြင့် အိပ်လျှင်လည်း အပူဒဏ်ကို ခံနိုင်သည်။

တရားရိပ်သာ တစ်ခုတွင် အလွန်ပူပြင်းသော အချိန်တွင် သွပ်မိုးဓမ္မာရုံ အောက်တွင် တရားထိုင်မည့် အစား အပြင်ကွင်းပြင် သစ်ပင်ရိပ်တွင် ကွပ်ပျစ်ငယ်လေး ပြုလုပ်ပြီး တရားထိုင် သည်ကို တွေ့ရဖူးသည်။ အပူဒဏ် ပြင်းသော်လည်း တရားမှတ်ပြီး ဈာန်ဝင်သွားသော အခါ အပူငြိမ်း သွားသည်ဟု သက်ကြီးရွယ်အို ယောဂီ အဘွားတစ်ဦးက ပြောသည်ကို အမှတ်ရဖူး ပါသည်။ ထိုအချိန်က မြို့တွင်းရှိရပ်ကွက် များတွင် အပူဒဏ်ကြောင့် လူကြီးများ အလွန် အသေအပျောက် များချိန် ဖြစ်သည်။ နေမွန်းတည့် ချိန်တွင် မြစ်ဆိပ်တွင် ရေဆင်းချိုး၍ သေကြရသူ များလည်းရှိသည်။ အပူဒဏ်ကို လိုက်လျောညီထွေ ဖြစ်အောင် တဖြည်းဖြည်း မပြုပြင်ဘဲ ဆန့်ကျင်ဘက် ပြုခြင်းကြောင့် ဦးနှောက် သွေးကြော ပေါက်၍ သေကြရခြင်း ဖြစ်သည်။

နံပါတ်(၃)အချက် ဖြစ်သော အစားအသောက်ကို ဆင်ခြင်၍ မိမိနှင့် သင့်လျော်အောင် ပြုပြင် စားသောက်ခြင်း အကြောင်းကို ပြောလိုပါသည်။ 

တစ်ခါက ဆီးချိုရောဂါရှိသူ တစ်ဦးသည် မိမိတွင် စားစရာဘာမှ မရှိတော့ကြောင်း၊ အရာရာ မတည့်သဖြင့် ရှောင်ရသည်က များသဖြင့် ခံတွင်းပျက်ပြီး အားပျက် လာကြောင်း ပြောပြသည်။ ထိုအချိန်က သရက်သီး လှိုင်လှိုင် ပေါ်ချိန်ဖြစ်သဖြင့် စိန်တစ်လုံး၊ မြကျောက်၊ ရွှေဟင်္သာ၊ အောင်ဒင် စသော တန်ဖိုးကြီး သရက်သီးများပင် ဈေးချိုချို ရနိုင်သောအချိန် ဖြစ်သည်။ သရက်သီးမှည့် လေးနှင့် ထမင်းစားလိုက် ရလျှင်ဟူသော အတွေးဝင်လာ သော်လည်း ဆီးချိုတက် မည် စိုးသဖြင့် မစားရ၊ သားသမီးများ ကလည်း ပိတ်ပင် ကြသည်ဟု သူကပြောသည်။

စာရေးသူက သူ့ကို အကြံပေးသည်။ သရက်သီးကို ထမင်းစားပြီးလျှင် အာသာပြေ တစ်စိတ်မျှ စားပါဟု တစ်နေ့လျှင် တစ်စိတ်သာ စားပါဟု အကြံပေးသည်။ သုံးလေးရက် ကြာသောအခါ သူနှင့်တွေ့သည်။ သရက်သီး တစ်စိတ်စား၍ ဆီးချိုတက်သလား ဟုမေးရာ မတက်ပါဟု သူကပြောသည်။ သူ့မှာလည်း အာသာပြေ စားရသဖြင့် ထမင်းစား ဝင်လာကြောင်း ပြောသည်။ နောက်တစ်ပတ်ခန့် ကြာသောအခါ စာရေးသူသည် သူ့ကို သရက်သီးနှစ်စိတ် တိုးစားရန်ပြောသည်။ သူကလည်း အနည်းငယ် ရဲတင်းလာပြီး နှစ်စိတ် တိုးစားသည်။ စားခါစရက်က ဆီးချိုအနည်းငယ် တက်နေကြောင်း ပြောသည်။ စာရေးသူက အနည်းငယ် တက်ရုံမျှနှင့် မကြောက်ပါနှင့်။ နှစ်စိတ်ထက် မပိုဘဲစားပါဟု ပြောသည်။ နောက်နှစ်ရက် သုံးရက် ကြာသောအခါ သူနှင့်တွေ့သည်။ သရက်သီးနှစ်စိတ် စား၍ ဆီးချိုမတက် တော့ကြောင်း ပြောသည်။ စားချင်တာ စားရ၍ သူ့မှာ ရွှင်ရွှင်လန်းလန်း ဖြစ်နေကြောင်း တွေ့ရသည်။

တစ်ခါက အသည်းအထူးကု ဆရာဝန်ကြီး တစ်ဦးသည် အဆီရှောင်ဖို့၊ ဝက်သား ဝက်ဆီရှောင်ဖို့၊ လမ်းဘေးမှ အစာများ၊ ဆီမသန့်သော အစာများရှောင်ဖို့ မကြာခဏ ပြောသည်။ သို့သော် တစ်နေ့တွင် သူကိုယ်တိုင် မန္တလေး ဗထူးကွင်း အနောက်ဘက်ရှိ လမ်းနံဘေးတွင် အထမ်းဖြင့် ရောင်းသော မြီးရှည်ဆိုင်တွင် ကားရပ်ပြီး ဆင်းထိုင်စားသည် ဟု ဆိုသည်။ ဆရာကြီးက ဒီမြီးရှည်ဆိုင်မှာ တို့ကျောင်းသား ကတည်းက ထိုင်စားလာတာ အရသာ သိပ်ကောင်းတာ၊ မြင်တာနဲ့ မနေနိုင်ဘူး။ နောက်မှပဲ အဆီ မစားဘဲ လေးငါးရက်လောက် ရှောင်ပြီး ခန္ဓာကိုယ်ကို အလျော်ပြန်ပေး တော့မည်ဟု ပြောကြောင်း ဆောင်းပါး တစ်ပုဒ်တွင် ဖတ်ရှုရသည်။

မှန်ပါသည်။ ကိုယ်ငယ်စဉ် ကတည်းက ကြိုက်သော အစာ၊ ခံတွင်းတွေ့သော အစာကို တွေ့လိုက်လျှင် စိတ်ထဲမှ စားချင်ပြီး သွားရည်ယို လာမည်ဖြစ်သည်။ စားချင်လျက် နှင့် ရှောင်လိုက်ရလျှင် အစာ တောင့်တစိတ် ပျက်စီးသွားမည် ဖြစ်သည်။ အနောက်တိုင်း ဆေးပညာအရ ဆိုလျှင် Lost of appetite ဖြစ်လာမည်။ ရောဂါရလာမည် ဖြစ်သည်။

စားချင်တာကို တစ်ကြိမ်လေး စားပြီး အာသာဖြေသည့် အတွက် ရောဂါမတိုးနိုင်ပါ။ အစားဝင်သည့် အတွက် ခံတွင်းကောင်း လာသောအခါ ခံနိုင်ရည် ပိုတိုးလာပါမည်။ ရှောင်သင့်သည့် အချိန်တွင် ပြန်ရှောင် လိုက်ပါ။
ဤနည်းဖြင့် ကိုယ်ခံအားနှင့် ခံနိုင်ရည်ကို မွေးယူနိုင်သည်။

ညနေ ထမင်းစား ခါနီးတွင် အရက်ကို ဆေးဖက်ဝင်ရုံမျှ တစ်ပတ်၊ နှစ်ပတ် သောက်လေ့ရှိသော လူကြီးများရှိသည်။ တစ်ခါတစ်ရံ နေထိုင်မကောင်း သဖြင့် မသောက်ရတော့၊ နေပြန်ကောင်း လာသောအခါ စိတ်က ပြန်တောင့်တ လာသည်။ သို့သော် ပြန်နေမကောင်း ဖြစ်မှာစိုး၍ မသောက်ရဲ။ စိတ်အလိုမလိုက် ရသဖြင့် ဘာစားစား ခံတွင်းမတွေ့၊ အစားပျက် ဖြစ်ဖြစ် လာတတ်သည်။ ထိုကဲ့သို့ ဖြစ်နေသော သက်ကြီးရွယ်အို တစ်ဦးကို စာရေးသူသည် သူကြိုက်သော အရာကို တစ်ပတ်၊ လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်မျှ သောက်ခိုင်းပြီး အစာစား ခိုင်းကြည့်သော အခါ နေကောင်း လာကြောင်း ပြောသည်ကို တွေ့ကြုံရဖူး ပါသည်။

လူ့ဘဝ တိုတောင်းလှသော အချိန်လေးတွင် အနေအထိုင်နှင့် အစားအသောက် အတွက် တင်းကျပ်လွန်းလျှင် မည်မျှ ဆေးကောင်းနှင့် ကုသော်လည်း ရောဂါမပျောက် နိုင်ပါ။ စိတ်အလိုလိုက်ရန် မလိုသော်လည်း စိတ်ကျေနပ်မှု ရအောင်တော့ အတိုင်းအတာ တစ်ခုထိ လိုက်လျော ညီထွေနေဖို့ လိုသည်။

အချို့လူကြီး များတွင် ပိုးမွေးသလို စောင့်ရှောက်ပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်နေရင်း ရောဂါများမှာ တိုးသည်ထက် တိုးလာသည်ကို တွေ့ရသည်။ သောက်ရသော ဆေးတွေ များသည်ထက် များလာပြီး ဆေးဒဏ်ကြောင့် အစားအသောက် ပျက်၊ ခံတွင်းပျက်၊ နာလန်မထူ ဖြစ်ကာ အိပ်ရာထဲ လဲရသည့် အဖြစ်ဆိုးများ ရှိသည်။ အချို့လူများမှာ ရောဂါရှိ သော်လည်း ရောဂါသည် နှင့်မတူ ပျော်ပျော်နေသည်။ ပေပေတေတေ နေသည် ဟု ဆိုချင်ဆို၊ စိတ်မထင်လျှင် စားသည်၊ သွားသည်၊ ကြိုက်ရာလုပ်သည်။ တစ်ခါတစ်ရံ ဒဏ်ခံ လိုက်ရသည်။ ပြန်ကောင်း လာသည်နှင့် အစားအသောက် ကို ထင်ရာ စားပြန်သည်။ ထိုကဲ့သို့သော သူများကို ကြည့်လျှင် ကိုယ်ခံအား ကောင်းနေပြီး ရောဂါဒဏ် ခံနိုင်ရည် ရှိနေသည်ကို တွေ့ရသည်။

အဆိုးထဲမှ အကောင်းဟူသော ရှေးလူကြီးများ ပြောသောစကားကို ပြန်လည်သတိရ မိသည်။ တစ်ခါတစ်ရံ အကောင်းထဲ မှာလည်း အဆိုးကို တွေ့ရနိုင်သည်ဟု ဆင်ခြင်မိသည်။ ကြောက်ရွံ့စိတ်ဖြင့် အရာရာကို စိုးရိမ်ပြီး နေရမည့်အစား သတိနှင့်သတ္တိကို ပါးနပ်စွာ အသုံးချပြီး မိမိကိုယ်မိမိ စိတ်ပျော်အောင် နေထိုင်ပါ။ ခံနိုင်ရည် ဟူသည် မွေးယူမှသာ ဖြစ်လာနိုင်မည် ဖြစ်သည်ဟု စာရေးသူ၏ ထင်မြင်ချက်ကို ရေးသားတင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...