Social Icons

Pages

Monday, February 13, 2017

ကြုံရဘေးရန် အတန်တန်ကို နောက်ပြန်မတွန့်ရဲဝံ့လေသူ


ကြုံရဘေးရန် အတန်တန်ကို နောက်ပြန်မတွန့်ရဲဝံ့လေသူ

ဂေါတမမြတ်စွာ ဘုရား သက်တော်ထင်ရှား ရှိစဉ်က ရာဇဂြိုဟ်ပြည်မှ ကပ္ပိလဝတ်ပြည် သို့ကြွတော်မူ၍ ဖခင် သုဒ္ဓေါဒနမင်းကြီး နှင့် ဆွေတော်မျိုးတော် တို့အား တရား ဟောကြားရန် ကာဠုဒါယီ မထေရ်က လျှောက်ထားရာ တွင် တပေါင်းလ သာယာပုံကို စိတ်နှလုံး ကြည်နူးဖွယ် ရှိအောင် ချီးမွမ်း လျှောက်ထားသည်။ ကာဠုဒါယီ မထေရ် လျှောက်ထားပုံ အပြည့်အစုံကို ရဟန်းစာဆိုရှင် အုန်းညိုက ဂါထာ ခြောက်ဆယ်ပျို့ အဖြစ် ရေးဖွဲ့ရာ၌ ''သာသည် ညင်းညင်း၊ မြောက်လေကြွင်း နှင့်၊ ဆီးနှင်းမကုန် ပူဟုန်မသည်း၊ ပျံ့ပျံ့ပြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင် ရိုက်ကျူး၊ မင်းလွင်မြူးသား၊ နွေဦးသရစ်၊ အခါဖြစ်၏'' ဟု စပ်ဆို ထားသည်။

တပေါင်းလသည် ဤသို့သာယာမှု အပေါင်းခညောင်းသော လဖြစ်ခြင်းကြောင့် တပေါင်း သာခေါင်လများ  နောင်ဟု ရှေးစာဆိုတို့ တင်စားကြသည်။ မြန်မာနှစ် ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက် စနေနေ့ (၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်)တွင် မြန်မာနိုင်ငံ အလယ်ပိုင်း နတ်မောက်မြို့၌ အဘဦးဖာ နှင့် အမိဒေါ်စုတို့၏ သားရတနာ မောင်ထိန်လင်း ခေါ် မောင်အောင်ဆန်း ကို မွေးဖွားခဲ့သည်မှာ ယနေ့ ခရစ်နှစ် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် နှစ်ပေါင်း ၁ဝ၂ နှစ်ရှိပြီဖြစ်သည်။ မောင်ထိန်လင်းသည် နတ်မောက်မြို့ မြန်မာစာ သင်ကျောင်းတွင် စတင်ပညာသင်ကြား ခဲ့ပြီးနောက် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်း ၌ ဆက်လက် တက်ရောက်ရာမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် တက်၍ ပညာဆက်လက် ဆည်းပူးရာ အင်္ဂလိပ်စာပေ ရာဇဝင်နှင့် နိုင်ငံရေးရာ သိပ္ပံပညာရပ် များဖြင့် ဝိဇ္ဇာ(ဘီအေ)ဘွဲ့ ရပြီးနောက် ဥပဒေဝိဇ္ဇာ သင်တန်းသို့ တက်ရောက်ခဲ့ သေးသော်လည်း ပြီးဆုံးအောင် မသင်ယူခဲ့ပေ။

ကိုအောင်ဆန်း သည် ငယ်စဉ်ကပင် ပညာထူးချွန်သဖြင့် ကျောင်းကပေးသော ပညာသင်ဆုများ ရရှိခဲ့သူ ဖြစ်သည်။ ဝိဇ္ဇာဘွဲ့ ရရှိပြီးနောက် ထိုခေတ်က အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်းကောင်း ဖြစ်လာရန် အလားအလာ ကောင်းသူ ဖြစ်သော်လည်း အမျိုးသားရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ် ပြင်းထန်သော မျိုးရိုးမှ ဆင်းသက် လာသူ ပီသခြင်းကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ များတွင် တက်ကြွစွာ ပါဝင်ကာ မိမိကိုယ်ကျိုး စွန့်လွှတ်ထားသည်။ ထို့ကြောင့် တက္ကသိုလ် ကျောင်းသားဘဝ တွင် ကျောင်းမှ ထုတ်ပယ်ရန် နှစ်ကြိမ် ခြိမ်းခြောက်ခံ ရသည့်တိုင်အောင် အမျိုးသားရေးကို ဆက်လက်လှုပ်ရှား ခဲ့ပြီး ဥပဒေဝိဇ္ဇာ သင်တန်း တက်ရောက် နေစဉ် ၁၉၃၈ ခုနှစ် အောက်တိုဘာ တွင် နိုင်ငံရေးနယ်ပယ် မှ တို့ဗမာ အစည်းအရုံး သို့ ခြေစုံပစ်ဝင်ကာ မြန်မာ့လွတ်လပ်ရေး အတွက် အချိန်ပြည့် လုံးပန်းရာတွင် သခင်အောင်ဆန်း သည် ၁၉၄ဝ ပြည့်နှစ် သြဂုတ်လ အထိ တို့ဗမာအစည်းအရုံး ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ တို့ဗမာ အစည်းအရုံး ခေတ်မှာပင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ တောင်သူ လယ်သမား အစည်းအရုံး၏ အလုပ်အမှုဆောင် အဖြစ် လည်းကောင်း၊ ဗမာ့ထွက်ရပ်ဂိုဏ်း ကြီး၏ အထွေထွေ အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်အသီးသီး ထမ်းဆောင် ခဲ့သည်။

မြန်မာ ပြည်လွတ်လပ်ရေး တိုက်ပွဲ ဆင်နွှဲရာတွင် နိုင်ငံခြား အကူအညီရရှိရန် လိုအပ်ကြောင်း သခင်အောင်ဆန်း တို့ဆုံးဖြတ်ချက် ချမှတ်ကာ ပြည်ပ အဆက်အသွယ် ရှာဖွေကြစဉ် ဂျပန်သံရုံးမှ ကမ်းလှမ်းချက်ကို ဒေါက်တာ ဘမော် မှတစ်ဆင့် ရရှိသည်။ မြန်မာ့လွတ်လပ်ရေးအတွက် လျှို့ဝှက်ဖွဲ့စည်း လှုပ်ရှားနေသော ပြည်သူ့အရေး တော်ပုံ ကော်မတီက ဂျပန်သံရုံး၏ ကမ်းလှမ်းချက်ကို သဘောတူလက်ခံ ပြန်ကြားသော်လည်း သခင်အောင်ဆန်း နှင့်အဖွဲ့သည် ကွန်မြူနစ်များ ဖြစ်ကြသဖြင့် ဂျပန်တို့ဘက်မှ အယုံအကြည် မရှိခြင်းကြောင့် အချိန်ဆွဲထား ကြသည်။ သခင်အောင်ဆန်း သည် ထိုအချိန်တွင် ဟင်္သာတမြို့ လူထု အစည်းအဝေးကြီး တစ်ခု၌ တရားဟောစဉ် ခြွင်းချက်ထားသော ပြည်နယ်တစ်ခု အဖြစ် ထားရှိသည့် ချင်းတောင်တန်း ဒေသများအကြောင်း ထည့်သွင်း ဟောပြောခဲ့သည်။ ထိုအကြောင်းကို ထည့်သွင်း မဟောပြောရန် အာဏာပိုင်များက ပိတ်ပင်ထားသည့် ကြားမှပင် သခင်အောင်ဆန်းက ရဲရဲတင်းတင်း ပြောဟော လိုက်သဖြင့် ၁၉၄ဝ ပြည့်နှစ် ဇွန် ၂၉ ရက်တွင် ဗြိတိသျှ အာဏာပိုင် တို့က ဖမ်းဝရမ်း ထုတ်လိုက်သည်။ သို့သော် သခင်အောင်ဆန်းက အဖမ်းမခံဘဲ ရှောင်တိမ်း နေလိုက်ပြီး တရုတ်ပြည် အမွိုင်မြို့သို့ သခင်ကျော်စိန်နှင့် အတူသွားရန် လျှို့ဝှက်ကြံစည် ကြသည်။

ထိုအချိန်တွင် တရုတ်ပြည်မှ လူတစ်ဦး ရောက်လာပြီး အမွိုင်မြို့သည် တရုတ်ကွန်မြူနစ် တို့လှုပ်ရှားမှု နည်းပြီး ဂျပန်ကင်ပေတိုင် အန္တရာယ်များ ကြောင်း ပြောသဖြင့် သခင်ကျော်စိန် က မလိုက်လို တော့ကြောင်း ငြင်းဆို လိုက်သည်။ ထို့ကြောင့် သခင်အောင်ဆန်း နှင့်အတူ လိုက်ပါရန် သခင်လှမြိုင် (ဗိုလ်ရန်အောင်)ကို အစားထိုး လိုက်ရသည်။ သခင်အောင်ဆန်း နှင့် သခင်လှမြိုင် တို့သည် ၁၉၄ဝ ပြည့်နှစ် သြဂုတ် ၈ ရက်တွင် ရန်ကုန် ဆိပ်ကမ်းမှ ဟိုင်လီသင်္ဘောဖြင့် လျှို့ဝှက်ထွက်ခွာ ကြရာ သြဂုတ် ၂၄ ရက်တွင် အမွိုင်ဆိပ်ကမ်း သို့ရောက်သွား ကြပြီး သုံးလခန့်ကြာ သည့်နောက်မှ ဂျပန်နိုင်ငံသို့ ဆက်လက် ထွက်ခွာနိုင် ကြသည်။

မျိုးချစ်စိတ်ဓာတ် ပြင်းထန်သော မျိုးရိုးမှ ဆင်းသက်လာသူ ဗိုလ်ချုပ်အောင်ဆန်း သည် တက္ကသိုလ် ကျောင်းသား ဘဝမှစ၍ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှု တစ်လျှောက်လုံးတွင် ဘေးရန် အမျိုးမျိုးကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင် ခဲ့သည့်သာဓက များစွာအနက် စကတည်းက ယဉ်သကို ဆိုသည့်အပိုင်းမျှ သာ ထုတ်နုတ်ဖော်ပြ လိုက်ရသော်ငြား တပေါင်းသာခေါင် လများနောင်တွင် မွေးဖွားသော မြန်မာ့ လွတ်လပ်ရေး ဗိသုကာနှင့် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြည်ချစ်ပန်းကို မလွမ်းဘယ်သူ ရှိပါ့မလဲဟူ၍ မြန်မာ ပြည်သူတို့နှင့် အတူ ဗိုလ်ချုပ်အောင်ဆန်း ၏ ၁ဝ၂ နှစ်မြောက် မွေးနေ့ကို မြဝတီ က ဂုဏ်ပြုအပ် ပါသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...