Social Icons

Pages

Tuesday, January 10, 2017

ရခိုင်ပြည်နယ် စစ်တွေမြို့၌ National Electronic ID (NeID) အထောက်အကူပြုစာရင်း ကောက်ယူခြင်းလုပ်ငန်း ရှေ့ပြေးစမ်းသပ် ဆောင်ရွက် ဘူးသီးတောင် နှင့် မောင်တောမြို့တို့၌လည်း ဆက်လက်ဆောင်ရွက်ရန် စီစဉ်လျက်ရှိ


စစ်တွေမြို့၌ National Electronic ID (NeID) အထောက်အကူပြု စာရင်း
 ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်စဉ်

နေပြည်တော် ၊ ၁၀-၁-၂၀၁၇

ရခိုင်ပြည်နယ် အတွင်း National Electronic ID (NeID) အထောက်အကူပြု စာရင်း ကောက်ယူခြင်း လုပ်ငန်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက စစ်တွေမြို့ရှိ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်ရာ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင် တက်ရောက်၍ အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ် ဦးစီးမှူးရုံး၊ စစ်တွေခရိုင်နှင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ် ဦးစီးမှူးရုံးများမှ စုစုပေါင်း ဝန်ထမ်း ၄၄ ဦးတက်ရောက် ကြပြီး တာဝန်ရှိသူများက NeID အထောက်အကူပြု စာရင်း ကောက်ယူနိုင်ရေး အတွက် IT နည်းပညာ အသုံးပြု ကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ များနှင့် ပတ်သက်၍ သင်ကြားပြသ ကြသည်။

၎င်းပြင် ယမန်နေ့နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်း National Electronic ID (NeID) အထောက်အကူပြု စာရင်းကောက်ယူခြင်း လုပ်ငန်း ရှေ့ပြေးစမ်းသပ် ဆောင်ရွက်ခြင်းကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ ပြုလုပ်ရာ မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျေးပင်ကြီး ရပ်ကွက်မှ ပြည်သူ ၁၆၂ ဦးကို တစ်ဦးချင်း ကိုယ်ရေး အချက်အလက်များ ရေးသွင်းခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းပါ အမည်နှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းအား ဓာတ်ပုံရိုက်ခြင်း တို့ကို ခေတ်မီ IT နည်းပညာများ အသုံးပြု၍ လုပ်ဆောင်ပေး ကြသည်။

အဆိုပါနေရာသို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ)မှ ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် လှမြင့်စိုး၊ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင် နှင့် တာဝန်ရှိသူများ သွားရောက်၍ လုပ်ငန်း ဆောင်ရွက်မှု များကို လှည့်လည် ကြည့်ရှုပြီး ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ကြသည်။

ရှေ့ပြေးစမ်းသပ် ကောက်ယူခြင်း လုပ်ငန်းစဉ်အား နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် တို့၌လည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ဆက်လက်၍လည်း ဘူးသီးတောင်မြို့ နှင့် မောင်တောမြို့နယ် အတွင်း၌ NeID ရှေ့ပြေး စမ်းသပ် ကောက်ယူခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...