Social Icons

Pages

Tuesday, January 17, 2017

မြန်မာ့ရိုးရာ လက်မှုပစ္စည်းသုံးမျိုးကို ပို့ကုန်အမယ်သစ်များ အဖြစ် အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်ရန် စီစဉ်



ရန်ကုန် ၊ ၁၇-၁-၂၀၁၇

ထန်းလက်၊ ဝါးဖတ် တို့ဖြင့် ပြုလုပ်ထားသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်း သုံးမျိုးကို ပို့ကုန်အမယ်သစ် များအဖြစ် အမေရိကန်နိုင်ငံ သို့ တင်ပို့ရောင်းချမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ တင်ပို့ရာတွင် ထန်းလက်ဖြင့် ပြုလုပ်ထားသည့် ကုလားထိုင် သုံးမျိုး အလုံး ၁ဝဝ နီးပါး၊ ထန်းလက်ဖြင့် ပြုလုပ်ထားသည့် စားပွဲနှစ်မျိုး အလုံး ၆ဝ နှင့် ဝါးဖတ်ဖြင့် ပြုလုပ်ထားသည့် ဦးထုပ်သုံးမျိုး အလုံး ၃၅ဝ ဖြစ်ပြီး
တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၇၇ဝ ခန့် တန်ဖိုးရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ လက်မှုပစ္စည်းများ တင်ပို့ရောင်းချ ရာတွင် စာရင်း တိတိကျကျ ဖော်ပြထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂ နိုင်ငံများသို့ အမေရိကန် ဒေါ်လာ ၁၂ သန်းခန့် တန်ဖိုးရှိ မြန်မာ့လက်မှု ပစ္စည်းများကို တင်ပို့ရောင်းချ ပြီးဖြစ်သည်။ အာဆီယံ ဒေသတွင်း နိုင်ငံများမှ ဥရောပသမဂ္ဂ နိုင်ငံများသို့ လက်မှုပစ္စည်း တင်ပို့မှုမှာ ဗီယက်နမ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄၄၂ သန်း၊ ကမ္ဘောဒီးယား နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄၅ သန်းအထိ တင်ပို့ ရောင်းချမှုများ ရှိသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း မြန်မာ့လက်မှု ပစ္စည်းများ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး အတွက် နိုင်ငံတကာ ဈေးကွက်ဆိုင်ရာ အချက်အလက် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဒီဇိုင်နာများနှင့် ပူးပေါင်း ဆောင်ရွက်ကာ ဒီဇိုင်နာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ လက်မှုပစ္စည်း များနှင့် ပတ်သက်သည့် ကုန်စည်ပြပွဲများ ကျင်းပပေးခြင်း၊ ပြည်ပဝယ်လက် များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းရပ်များ လုပ်ကိုင် ဆောင်ရွက် ပေးလျက်ရှိသည်။ 

ထို့ပြင် ပြည်တွင်းရှိ မြန်မာ့လက်မှု ပစ္စည်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်မှု လုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး အမျိုးသား ပို့ကုန် မဟာဗျူဟာ အဖြစ် ရော်ဘာ၊ ခရီးသွားလုပ်ငန်း၊ သစ်တောထွက် ပစ္စည်းများ နှင့်ဆက်စပ်၍ မြန်မာ့လက်မှု ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...