Social Icons

Pages

Monday, December 5, 2016

မန္တလေးတိုင်း ဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ အပြည့်အ၀လုပ်ကိုင်နိုင်ရန် မြေယာအသုံးချခွင့် ဈေးနှုန်းလျှော့ချပေးရန် လိုအပ်



မန္တလေး ၊ ၅-၁၂-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်လို သော်လည်း မြေယာအသုံးချ ခွင့် ဈေးနှုန်းမြင့်မား နေသောကြောင့် တိုးချဲ့ လုပ်ကိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေပြီး တိုင်းဒေသကြီး အစိုးရအနေဖြင့် မြေအသုံးချခွင့် ဈေးနှုန်းကို လျှော့ချပေးရန် လိုအပ်နေကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်း အကျယ်အဝန်း ဧကပေါင်း ၇ဝဝဝ ကျော် ရှိသော်လည်း တိုင်းဒေသကြီး မြေယာသုံးစွဲခွင့် ဈေးနှုန်း မြင့်မားမှုကြောင့် ဧက ၁ဝဝဝ ကျော်သာ တရားဝင် မြေယာ အသုံးချခွင့် လျှောက်ထား နိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

''မြေယာ အသုံးချခွင့်က ဈေးတော်တော် လေးမြင့်ပါတယ်။ အမှန်တကယ် ပြောရရင် ကျွန်တော်တို့ ငါးလုပ်ငန်းက ဒီလောက် အမြတ်အစွန်းရှိတာ မဟုတ်ပါဘူး။ တစ်နှစ်မှာ တစ်ဧကကို ပိဿာချိန် ၁၅ဝဝ လောက်ပဲ ထွက်တာ။ ကန်တူးဖော် သန့်ရှင်းရေး စရိတ်၊ အလုပ်သမား စရိတ်၊ အသုံးပြုဖို့ ပစ္စည်းစရိတ် တွေနဲ့ဆိုရင် သိပ်မကျန်ပါဘူး။ အဲဒါကို မြေယာ အသုံးချခွင့် က တစ်ဧကကို ငွေကျပ် ၁ဝ သိန်းဆိုတော့ တရားဝင် မလျှောက်နိုင်ဘူး ဖြစ်နေကြ ပါတယ်''ဟု ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် ငါးလုပ်ငန်း လုပ်ကိုင်သည့် ဧကပေါင်း ၇ဝဝဝကျော်ရှိပြီး တရားဝင် မြေယာအသုံးချခွင့် ရထားသူများမှာ ဧက ၁ဝဝဝ ကျော်သာ ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တင်းကျပ်စွာ တားမြစ်ထားခြင်း မရှိသော်လည်း ငါးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် မြေယာ အသုံးချခွင့်ကို တရားဝင်ပိုင်ဆိုင် လိုကြသဖြင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် မြေယာအသုံးချ ခွင့်အတွက် မူလသတ်မှတ် ထားသည့် ဈေးနှုန်းကို သင့်တင့်စွာ ပြန်လည်ညှိနှိုင်း သတ်မှတ်ပေးရန် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ မျှော်လင့် နေကြကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် မြေယာ အသုံးချခွင့် တစ်ဧကလျှင် ငွေကျပ် ၁ဝ သိန်း သတ်မှတ်ထား သော်လည်း ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်ဧကလျှင် ငွေကျပ် ၂၅ဝဝဝ သာ သတ်မှတ် ထားကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် ငါးမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် မြေယာ အသုံးချခွင့် ဈေးနှုန်းကို သင့်တင့်သည့် ဈေးနှုန်းပြန်လည် သတ်မှတ်ပေးနိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...