Social Icons

Pages

Monday, November 7, 2016

တောင်ကြီးတန်ဆောင်တိုင် ပွဲတော် စတင်ဖွင့်လှစ်




တောင်ကြီး ၊ ၇-၁၁-၂၀၁၆

နှစ်စဉ် ကျင်းပမြဲဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲတွင် အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပသည်။

ဦးစွာ စူဠာမုနိ လောကချမ်းသာ ဘုရား တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူ တို့သည် ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်ပြီး ဘုရားရင်ပြင်တွင် စိန်နားပန် မီးပုံးပျံတစ်လုံး ကို လွှတ်တင် ပူဇော်ကြသည်။

ယင်းနောက်၂ဝ၁၆ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲကို တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း နှင့် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ ကျင်းပရေး  လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဌာန ဝန်ကြီး ဦးဆွေသိန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ယဉ်ကျေးမှု အဖွဲ့မှ ကိန္နရီ၊ ကိန္နရာအက၊ ဓားသိုင်းအက တို့ဖြင့် ကပြ ဖျော်ဖြေကြပြီး တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ များက ''အရောက် လှမ်းခဲ့ပါ'' တန်ဆောင်တိုင် သီချင်းဖြင့် ကပြဖျော်ဖြေ ကြသည်။

ထို့နောက် တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က တန်ဆောင်တိုင် ပွဲတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး မီးရှူး၊ မီးပန်းများ၊ စိန်နားပန် မီးပုံးပျံ အကြီးတစ်လုံး၊ ဖွင့်ပွဲ၊ ပိတ်ပွဲကော်မတီမှ စိန်နားပန်နှစ်လုံး၊ Mikko Coffee Mix မှ မီးပုံးပျံငယ် ၁၅ဝဝ လုံး လွှတ်တင် ကြကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ပွဲတော် ကာလတွင် နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၄၅ လုံး၊ ခြေလေးချောင်း ၈၇ လုံး၊ အုပ်စု ၅၅ လုံး စုစုပေါင်း ၂၈၇ လုံး၊ ညမီးကြီး ၈ဝ လုံး၊ စိန်နားပန် ၃၆ လုံး စုစုပေါင်း ၁၁၆ လုံး၊ နေ့လွှတ်၊ ညမီးကြီး၊ စိန်နားပန် စုစုပေါင်း ၄ဝ၃ လုံးလွှတ်တင် ယှဉ်ပြိုင်၍ ပွဲတော်ကာလတွင် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...