Social Icons

Pages

Monday, November 28, 2016

ရွာငံကော်ဖီ အထွက်နှုန်းကျမည် ဖြစ်သော်လည်း အရည်အသွေးပြည့်မီပါက ဈေးကောင်းရနိုင်



တောင်ကြီး ၊ ၂၈-၁၁-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်ထွက် ကော်ဖီသီးများ ယခုနှစ်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် အထွက်နှုန်း လျော့ကျမည် ဖြစ်သော်လည်း အရည်အသွေး ပြည့်မီပါက ယခင်နှစ်ဈေးနှင့် နှိုင်းယှဉ်လျှင် ပိုမို ရရှိနိုင်ကြောင်း ဒေသခံ ကော်ဖီစိုက်ပျိုးသူ များထံမှ သိရသည်။

ကော်ဖီသီးဈေးကွက် အနေဖြင့် ယခင်နှစ် ဒေသဈေးကွက် အတွင်း တစ်ပြည်လျှင် ငွေကျပ် ၈၅ဝ မှငွေကျပ် ၉ဝဝ ထိ ဈေးရှိခဲ့သော်လည်း ရွာငံ မြစေတီကော်ဖီ အစုအဖွဲ့က ဒေသပေါက်ဈေးထက် ငွေပိုပေးကာ ဝယ်ယူသဖြင့် အထွက်နည်း သော်လည်း အရည်အသွေး ပြည့်မီပါက ဈေးပိုရ နိုင်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။

ယခုနှစ်တွင် အသင်းအနေဖြင့် ကော်ဖီသီး လေးတန် ထုတ်ယူကာ သုံးတန်ကို ပြည်ပသို့ တင်ပို့၍ တစ်တန်ကို ပြည်တွင်း၌ ဖြန့်ဖြူးရန်စီစဉ် ထားကြောင်း၊ ပြည်ပသို့တင်ပို့ရန် အရည်အသွေး မီသော အထူးတန်း ကော်ဖီရရှိရန် အတွက် ချယ်ရီရောင် ကဲ့သို့ ရင့်မှည့်ချိန်မှသာ တစ်ပြိုင်တည်း ခူးဆွတ်ရမည် ဖြစ်သည့်အပြင် အရည်အသွေး စမ်းသပ်ကာ ပြင်ဦးလွင်မြို့၌ ကြိတ်ခွဲ၍ ရန်ကုန်မှ တစ်ဆင့် နိုင်ငံခြားသို့ တင်ပို့ရကြောင်း မြစေတီကော်ဖီ အစုအဖွဲ့မှ သိရသည်။

ရွာငံဒေသထွက် ကော်ဖီသီးများကို ယခင်နှစ် အတွင်းက အမေရိကန်နိုင်ငံ သို့ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၇ဝဝဝ နှုန်းဖြင့် အထူးတန်းဝင် ကော်ဖီသုံးတန် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ထက် အရည်အသွေး ပိုကောင်းလာပါက အမေရိကန် နိုင်ငံအပြင် အခြားနိုင်ငံ ခြောက်နိုင်ငံ သို့လည်း တင်ပို့ပေးနိုင်ပြီ ဖြစ်ကြောင်း မြစေတီကော်ဖီ အစုအဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံအတွင်း ကော်ဖီစိုက်ပျိုးမှု ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံနှင့် ပင်လောင်းမြို့တို့တွင် အဓိက စိုက်ပျိုးပြီး ပြင်ဦးလွင်မြို့နယ် အတွင်းမှလည်း ထွက်ရှိကြောင်း၊ ကော်ဖီသီး တစ်ပြိုင်တည်း ရင့်မှည့် ချိန်ဖြစ်သည့် ဇန်နဝါရီလတွင် စတင်ခူးဆွတ်ပြီး ဧပြီလမှသာ နိုင်ငံခြားသို့ တင်ပို့ ရောင်းချကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စငာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...